Sunday, June 21, 2009

အိမ်ပြန်တော့မည်

နှုတ်ဆက်ချိန်တန် အိမ်ပြန်တော့မည်။

မောင်နှမအားလုံး ကျန်းမာပါစေကြောင်း ဦးစွာဆုတောင်း မင်္ဂလာပြုလိုက်ပါတယ်။( လိမ်မာတယ်ဟုတ် ဟီးးး )
ဘလော့လေးနဲ့ ဒုတိယအကြိမ် ထပ်မံခွဲခွာရပါတော့မယ်။ အရင်တစ်ခါကတော့ ကိုယ့်ရဲ့စိတ်ကြောင့် ရပ်နားလိုက်တာ၊ ခုတစ်ခါကတော့
အိမ်ပြန်တော့မှာမို့။ ဘလော့လေးမှာ စာရေးတာ အချိန်တွေတောင် ကြာလာပြီထင်တာ။ တကယ်တော့ ၁ နှစ်တောင်မပြည့်သေးဘူး။
တွယ်တာတာကတော့ မိုးလင်း၊ မျက်လုံးလေးနှစ်လုံးပွင့်တာနဲ့ ဘလော့ပေါ်တန်းရောက်တော့တာပဲ။ နောက်ဆိုရင်တော့ ဟာတာတာနဲ့
ဖြစ်နေတော့မှာ။ အပြင်မသွားဖြစ်တဲ့အပြင် ခုဆို မျက်စိနဲ့လည်စရာနေရာလေးတောင် ရှိတော့ဘူး။

ဒီဘလော့လေးကို ဖန်တီးဖြစ်လို့ ရလာတာ ပထမက ပျော်ရွှင်မှု၊ ကျေနပ်မှု။
အဘယ်ကြောင့်ဆိုသော် - ( ကြော်ငြာလေးဝင်ဦးမယ်နော့် ဟီးဟီး ဖြူဖြူကျော်သိန်းဆိုထားတဲ့ အဘယ်ကြောင့်ဆိုသော် English Version
Kelly Clarkson ဆိုထားတဲ့ Because of you သီချင်းလေးကို ခုတလောလောတော်တော်ကြိုက်နေတယ်။ ဟီးး ဘာမှလဲ ဆိုင်ဝူးနော်းD )
ခုနက ရေးတာပြန်ဆက်မည် ခစ်ခစ်။ ပျော်ရွှင်ကျေနပ်မှုရတယ်ဆိုတာ ကိုယ့်စိတ်ကြိုက်အနေနဲ့ Template လေးကို စိတ်ဝင်စားအောင် ပြုပြင် ပြင်ဆင်
နိုင်လို့။ မြတ်သွယ်ကတော့ အဖြူနဲ့ အမည်းဘဝကိုပဲ ရောက်သွားတော့ ဘလော့ကို တမင် Template မထားတော့တာ။ ကိုယ်ထားချင်တဲ့
ပစ္စည်းလေးတွေ ဥပမာ - နာရီ၊ သီချင်း၊ ဓါတ်ပုံ စသည်ဖြင့်လေးတွေလည်း တင်လို့ရသေး။ အဲ့ဒါလေးတွေကို အပြောင်းအလဲ လုပ်ရင်းတောင်
စိတ်ရွှင်စရာလေးတွေ ဖြစ်လာတယ်။
ဘလော့လေးကနေထပ်ရတာက မောင်နှမ၊ အပေါင်းအသင်း မိတ်ဆွေတွေ။ တစ်ယောက်နဲ့တစ်ယောက် လူချင်း တွေ့ဖူးချင်မှ တွေ့ဖူးမယ်။
နာမည်၊ သူတို့ရေးတဲ့ စာပေအနုပညာနဲ့ ရင်းနှီးသွားတာမျိုး။ ဒီခင်မင်မှုကို အဖြူထည်သက်သက်ပဲ။ အရင်ဘလော့နဲ့ စာတွေရေးတုန်းက
မောင်နှမတွေကို ကော်ဖီပို့လိုက်၊ ရေခဲမုန့်ပို့လိုက်၊ ကောင်းသောနေ့ညလေးပါ သွားပြောလိုက်၊ စလိုက်နောက်လိုက်နဲ့ တစ်ကယ်ပျော်ဖို့ကောင်းတယ်။

မြတ်သွယ် ဒီပညာရတဲ့ ဘလော့ လောကလေးကို ခင်တွယ်ပါတယ်။ ကိုယ်ကြုံရ ဆုံရတာတွေက ကိုယ်တွေ့မဟုတ်ပေမယ့် မှတ်သားစရာတွေရှိတယ်။
မြတ်သွယ်အတွက် ဒဏ်ရာမရှိဘူးလဲ မဟုတ်ဘူး။
တစ်ခါတစ်လေတော့ ခြေစုံလှမ်းမိတဲ့ ကမ်း၊ ပြန်လမ်း မရှိရလားလို့ နောင်တရမိတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အရင်ဘလော့က
ကဗျာတွေကို ပြန်ဖတ်ရင်း ကွန်မန့်လေးတွေပါ ပြန်ဖတ်ကြည့်တော့ တစ်ကိုယ်လုံး နွေးထွေးသွားတာပဲ။ မြတ်သွယ်ဘယ်လောက်ပဲ ဆွေးအောင်
ရေးပါစေဦး၊ မောင်နှမတွေထားခဲ့တဲ့ အရာလေးတွေက အပြုံးတစ်ခု ပွင့်စေတယ်။ နောက်ပြန်လှည့်ကြည့်မှ မူရင်းအဓိပါယ်ကို တစ်ကယ်သိသွားတယ်။
ကိုယ် စာတွေမရေး။ အိမ်တွမလည်လုပ်ဖြစ်တာကို အပြစ်တင်မိတယ်။ ဒါကလည်း လည်နေတဲ့ ကမ္ဘာလုံးကြီးထဲမှာ အလိုက်သင့်မလည်လိုက်မိလို့။

မြတ်သွယ်က အရေးထက် အတွေးသန်တယ်။ ခုနောက်ပိုင်းတော့ လူက တစ်ကိုယ်လုံးကော စိတ်တွေကောလေးလံနေတယ်။ အရာရာကို
အလုံပိတ်ထားလွန်းလို့။ ကိုယ်ပြောချင်တာ ရှိပေမယ့်၊ အမှန်တကယ်ပြောဖို့ကော လိုအပ်လို့လား ဆိုတဲ့ ဟန့်တားလိုက်တဲ့ စိတ်။
ကိုယ့်ကိုယ်ကို ကာကွယ်လွန်းရာလဲကျနေသလို။ မြတ်သွယ် အရာရာအပေါ်မှာ စိတ်ထားရ ကြပ်နေပြီ။ အဲ့ဒါကြောင့်လဲ ကဗျာတွေစာတွေ
မရေးဖြစ်တော့တာ။ ကိုယ်က တစ်ခုခုကို ပြောပြနေသလို ဖြစ်နေမှာစိုးတယ်။ ရန်ကုန်ပြန်ရောက်ရင်တော့ အင်တာနက်မသုံးတော့ဘူး ဆိုတော့
ပျောက်ကွယ်သင့်တဲ့ အရာတွေလဲ ပျောက်ကွယ်သွားမှာပါ။ ဒါပေမယ့် ပြီးဆုံးသွားမှာတော့ မဟုတ်ဘူး။

အဟဲ။ စိတ်ညစ်သွားပြီလား။ မောင်နှမတွေနဲ့တော့ အဆက်အသွယ် ပျက်သွားတော့မှာပဲ။ ပြန်ရောက်ရင် ကျောင်းကြီးနဲ့ လုံးလည် ချာလည်လိုက်တော့မယ်။
ကံမကုန်ရင် ဒီမောင်နှမတွေနဲ့ ပြန်ဆုံမယ်နော်။ လမ်းမှာတွေ့ရင် အကျယ်ကြီးတော့ လှမ်းခေါ်နဲ့။ လန့်တတ်လို့ ဟီးးး။ လန့်ရင်ယောင်တတ်တယ်။
ယောင်တတ်တယ်နဲ့ ပတ်သက်ပြီး တီခုပြောပြမယ်နော် ခွိခွိးD။ အရင် ၉ တန်းကျောင်းသူတုန်းက ယောင်ရင် ပွတ်သွပ်လို့ ယောင်တတ်တာ။
ဟီးးး။ အဲ့ဒါ အိမ်အပြန်ပေါ့နော်၊ ဘတ်စ်ကားပေါ်ကအဆင်း သူငယ်ချင်းကကားပေါ်ကနေ မပွတ်သွပ်ဆိုပြီး နောက်သွားသေးတယ်။ တော်သေးတာပေါ့။
ခိုင်းသင်းကြည်လို နာမည်မကြီးသွားလို့ ဟီးဟီး။ နောက်တော့ ပြောင်းရင်းပြောင်းရင်းနဲ့ ခုတော့ ပလုတ်တုတ်ဖြစ်သွားရော ခစ်ခစ် အဆိုတော်ရေ။ ဟီးဟီး
အဲ့ဒါကြောင့် အကျယ်ကြီး လှမ်းခေါ်နဲ့လို့ နော်နော်နော့်းD။

ခုရက်ပိုင်းအတွင်း မပြန်ဖြစ်သေးပေမယ့် ကွန်ပုတာကြီးကို ဘယ်တော့သိမ်းမယ်မှန်းမသိတော့ နှုတ်ဆက်ပို့စ်လေးကို ကြိုရေးလိုက်တာပါ။
တစ်အိမ်ချင်းလည်ပြီး နှုတ်ဆက်ဦးမယ်။ ဒီရူးတူးတူး ပေါတောတော ကောင်မလေးကို မေ့လောက်ပါဘူးနော်။ ဟုတ်တယ်ဟုတ်။းD

နောက်ဆုံးတော့ မောင်နှမအားလုံးကို သတိရနေမည်ဖြစ်ကြောင်း အကြောင်းကြားရင်း ကျန်းမာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Friday, June 19, 2009

အပြစ်တင်သံ

လှပမှုကို
အမှောင်ပြုတယ် ဆိုရအောင်
စီးကျရက်တဲ့ မျက်ရည်တွေကြောင့်
အမြင်ကွယ်ခဲ့တာ
မင်း သိလို့လား
ငါက အဖြူနဲ့အမည်းထက်
သက်တန့်ကို ပိုမြတ်နိုးတဲ့သူပါ

ကြားဖူးသလား
ချစ်သူတွေကြားက ဒဏ္ဍာရီတဲ့
မင်းပေးတဲ့
ခါးသက်သက် သံယောဇဉ်တွေလောက်
စံချိန်မှီပါ့မလား
ငါ- ငါသည်ထက် ငါခဲ့ရတယ်

ပျိုးသူ ပျိုးတဲ့ပန်းကို
ချိုးသူချိုးရက် မင်း
ခြွေတဲ့လက်မှာ ဆူးတော့ စူးဦးမှာပါ

ခရေပန်း- ဆူးမရှိဘူး ဘယ်သူပြောလဲ
နှလုံးသားတိုင်းကို
ပိုင်တယ်ဆိုရင် မင်း ဝင်ကြည့်လှည့်ပေါ့
ဝှက်ဖဲတစ်ချက် သေချာတွေ့လိမ့်မယ်
အဲ့ဒါ သူရဲ့ အမြစ်ပဲ

အယိုင်ယိုင်အလဲလဲ စိတ်တွေထဲမှာ
အစိုင်အခဲ တစ်ချို့ ပါသွားတတ်တယ်

အယုအယမဲ့သူကို
အနုအလှနဲ့ ဘယ်သူပြန်ဆက်ဆံနိုင်သလဲ
ပုစ္ဆာတွေမှာ
အဖြေမထွက်ခင်အထိပဲ
ညီမျှခြင်း ချရတာမဟုတ်ပါဘူး

ခွင့်ပြုပါ
ဟန့်တားမှုအသီးသီးက
စည်းချက်တွေကို မြိုသိပ်စေပေမယ့်
ဒီတစ်ညတော့
ငါ အပြစ်တင်ပါရစေ

ဘာကြောင့်လဲ ချစ်သူရယ်

Tuesday, June 16, 2009

ကျွန်မရဲ့ ဝါသနာ

ဦးဏှောက်နဲ့ စိတ်တစ်ခုရဲ့ စေညွှန်းချက်တွေတိုင်းမှာ စိတ်တစ်ခုရဲ့ စေလိုရာတွေကို အသားပေးဆောင်ရွက်ခြင်းနဲ့ နေသေားကျနေတဲ့ လူတစ်ယောက်။ စိတ်က လေလိုပါပဲဆို၊ မှန်မယ်လား။ ပုံသဏ္ဍာန်ကင်းမဲ့သလို လုပ်ဆောင်ချိန်ဆိုတာကလည်း အတိအကျရှိမနေတော့ စိတ်တစ်ခုလိုပဲ၊ ဘယ်အချိန်လှုပ်ရှားလာပြီး ဘယ်အချိန်မှာ ဘာတွေကို
ဦးဆောင်ပြီး ဘယ်လိုလုပ်စေမယ်ဆိုတာကို မသိသလိုမျိုး။

မဆုငယ်{လိပ်ပြာလေး} တက်-ဂ်-တဲ့ "ဝါသနာ" ဆိုတဲ့ တက်-ဂ် ပို့စ်လေးပါ။
တစ်သက်ဒီဘဝမှာ ခြေရာစုံအောင် မလျှောက်ဖူးတော့ အရောင်တွေနဲတယ်။ မျက်ဝန်းအိမ်ကျဉ်းတော့ အမြင်လည်း မကျယ်ဘူး။
( မျက်မှန်တပ်ရတာပဲ ကြည့် ဟီးးး ) ကမ္ဘာအကျယ်ကြီးထဲက စက်ဝိုင်းသေးသေးလေးထဲမှာပဲ လည်လည်ပတ်ပတ်ဖြစ်နေတဲ့ အသက်ရှိတုန်း၊ ဘဝပေး မိန်းမတစ်ယောက်။ သိတာတွေနဲတော့ ဝါသနာဆိုတာလဲ နဲပြန်တယ်။ အမြင်အာရုံအတွင်းကို စွဲကပ်လာတဲ့ အရာတစ်ခုအပေါ်မှာ စိတ်ရဲ့ ဆွဲခေါ်မှုကြောင့် မြတ်သွယ်အတွက် ဝါသနာဖြစ်သွားတယ်။ မြတ်သွယ်ရဲ့ စိတ်ကတော့ လူးလူးလွန့်လွန့်၊ ဟိုစပ်စပ် ဒီစပ်စပ်။ အဲ့ဒါကြောင့် ဝါသနာအရင်းခံပြီး ဘဝရဲ့ ဦးတည်ချက်ကဘာလဲ မေးလာရင် အဖြေမထွက်သေးတာ အခုထိ။

ငယ်ငယ်ကတည်းက ခုချိန်ထိ မပြောင်းလဲတာကတော့ ပုံဆွဲ၊ ပုံခြစ်။ နောက်တစ်ခုက ကြက်တောင်ရိုက်တဲ့ အားကစားတစ်မျိုးအပေါ်မှာလဲ စိတ်အားထက်သန်တယ်။ ဝါသနာရှင်လေးပါ။ အပေါ်ကို မြှောက်ပေးလေနှစ်သက်လေပဲ။ လူတည့်တည့် ကြက်တောင်ရောက်လာရင်တော့ ခြေမကိုင်မိ လက်မကိုင်မိ။ ( ဟီးးး အဲ့လိုတော်တာ )
မောင်နှမ သုံးယောက်စလုံးကလည်း ဆော့တတ်တော့ အတွဲလည်း ညီတယ်။ အခုဆို ချစ်မတွေပါ တိုးလာသေးတယ်။
( မမ၀ါဝါ : တွေ့ရင် ကြက်တောင်ဆော့မယ်နော်။ မမ၀ါဝါ က အလျှော့ပေးရမယ်။ ညလေးက ဝတော့ ဟိုဘက်ဒီဘက် လိုက်နိုင်မှာ ဟုတ်ဘူး ဟီးးးးD )
ဒီနှစ်မျိုးကတော့ ငယ်ငယ်ကတည်းကအစပျိုးလာတဲ့ စိတ်အားထက်သန်မှုတွေ။
၁၅ ၊ ၁၆ နှစ်၊ မလေးရောက်လာတော့ တစ်မျိုးတိုးလာပြန်တယ်။ အနုပညာပိုင်းဆိုင်ရာလေးတွေ။ အဆို၊ အက၊ အတီး၊ အရေး၊ အငို ( သဘောကတော့ မင်းတမီးချင့် ခွိခွိးD ရုပ်ရည်၊ခန္ဒာကိုယ်အချိုးအစားမှ အားမနာနော့်း( စိတ်ဝင်စားပေမယ့် မဖြစ်နိုင် )
အမှန်တော့ အဲ့ဒီဝါသနာက ကြီးသား။ ကိုယ့်ဖာသာ ဒါရိုက်တာလုပ်၊ အဆွေးခန်းရိုက်ရတာလဲ အမော။ မျက်ရည်ကလည်း လွယ်တော့ အဆင်ကိုပြေလို့။ ဒါပေမယ့် အခုတော့ မျက်ရည်ကိုညှစ်ထုတ်တောင် ထွက်တော့ဝူး။( အတဲမာတွားပြီ ဟီးးးးD )

နောက်တစ်မျိုးက ၇ ၊ ၈နှစ်အရွယ် ညီမလေးကို စိတ်ရှည်ရှည် စာသင်ပေးရင်းနဲ့ တိုးလာတဲ့ ဆရာမ ဝါသနာလေး။
( ဆက်ပြောဦးမှာ ပီးတေးဝူး ဟီးးး ) မိန်းမပီပီ မီးဖိုချောင်ဝင်တာလည်း ဝါသနာပါတယ်။
အကျွမ်းကျင်ဆုံးဟင်းက အာမနူး( အာလူးးD ) ဒီဝါသနာကြောင့်တော့ အသိတစ်ခုကတစ်ပြိုင်နက်တည်း ဝင်လာတယ်။
အမေ အသက်ရစပြုလာပြီ။ အသားငါး ကိုင်ရတဲ့ အလုပ်ဆိုတာ တစ်ကယ်တန်းကျ မလွယ်ဘူး။ မိသားစုက ၅ ယောက်ဆိုတော့ ဟင်းအရေအတွက်က များတယ်။ အမေ အသားငါး ကိုင်ရတာလဲ ပိုကြာတာပေါ့။ ကိုယ်တစ်ကယ် ကိုင်တွယ်ဖူးမှ သိလာတယ်။ အဆိုးဆုံးကတော့ ပုဇွန်သေးသေးလေးတွေ၊ ခေါင်းချိုးရတာကတာ မီသက်သာဝူး။ မီးဖိုချောင်အလုပ် မီးဖိုချောင်အလုပ်၊ လွယ်ဘူး။ မြတ်သွယ်တို့ အော်နေတာပဲ။ ဒါပေမယ့် ဟင်းတမယ် ချက်လို့ကျက်သွားပြီး မိသားစုစားတာကိုတွေ့တဲ့ ရသက ပြောမတတ်အောင် ကြည်နူးဖို့ကောင်းတယ်။( ဘယ်တော့မှ စပျင်းလာမလဲသာ မသိ ဟီးးးးD )

မုစိမွစိလေးတွေစုတဲ့ ဝါသနာလည်း ရှိသေးတယ်။ ဒါတောင် မုန့်ဖိုးမရှိတော့ ကိုယ့်ဖာသာကိုယ်မဝယ်ဖြစ်လို့။ အမေကလည်း မီကြိုက်ဝူး။ သိမ်းရပြုရ ခက်ကခက်ရဲ့တဲ့။ အိမ်မှာ အငယ်လည်းရှိတော့ သိပ်မဝယ်ရဲဘူး။ ကိုယ့်အတွက် အပျော်က သူ့အတွက် အန္တရာယ်ဖြစ်မှာလဲ စိုးရိမ်ရသေး။( ဟူးးး လွယ်ဘူး မုန့်ဖိုးစသုံးရရင်တော့ လာထားပဲ ဟဲဟဲ၊ တိုးတိုးနော် မေမေ သိလို့မဖြစ် ခွိခွိးD )
စာဖတ်တဲ့ဝါသနာကတော့ မကြီးဘူး။ ( ဗဟုသုတ ရမှာစိုးလို့တဲ့၊ အမေပြောတာ၊ ဒီသမီးကြောင့် အမေစိတ်ညစ်ရတာလည်းကြာပြီးD ) ခုနောက်ပိုင်း ဘလော့ပေါ်ရောက်လာမှ စာတွေစဖတ်ဖြစ်တာ။
နောက်တစ်ခုက အိမ်ဆောက်တာ။ အင်တာနက် ကလေးဆိုဒ်မှာလဲ အခန်းဖွဲ့သလို အသုံးမလိုတဲ့
သီတင်းစာ စာရွက်တွေစုပြီး ကိုယ့်ဖာသာ ဖြတ်ညှပ်လုပ်၊ ဟိုကပ်ဒီကပ်၊ စိတ်ရှည်ရှည် နဲ့ အခန်းဖွဲ့ဖူးတယ်။ ကိုယ်လိုချင်တဲ့ ပုံဖော်ပြီး ရသလိုဆောက်တယ်။ အခန်းတစ်ခန်းတော့ဖြစ်လာတာပဲ။ အစ်မနှစ်ယောက်ကိုပြလိုက်တော့မှ ဟီးးး ရေအိမ်နဲ့ ဝရံတာက ဘေးချင်းကပ်နေလို့ အစ်မနှစ်ယောက်က လေကောင်းလေသန်းရမယ့် အခန်းပဲတဲ့။( တိန် ရှက်ရှက် ဟီးးး ) စူပါဂလူး၊ ဂလူးတွေဆို မြတ်သွယ်အဲ့လို သုံးတာနဲ့တင်ကုန်လို့ အမေဆူတာ ခံရနေမြဲ။ ဒါပေမယ့် ဝါသနာကိုး။( ဟီးဟီး ကိုယ့်ကိုယ်ကိုမို့ပြောတာဟုတ်ဘူး၊ အခန်းက မိုက်မှမိုက်၊ အိမ်ဆောက်ပြီး ပစ္စည်းတွေနေရချချင်တဲ့သူရှိရင်ပြောနော် ရေအိမ်နဲ့ ဝရံတာကိုတော့ တာဝန်ယူဘူး ဟီးးးးD )

ရေးရင်းရေးရင်းနဲ့ စုံနေတာပဲ။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ ပက်သက်ပြီး အလုပ်လုပ်ဖြစ်တယ်ဆိုရင်တော့ ကောင်းမယ်။
ဒီးကနေ့တော့ ဝ ဒီးလောက်ပဲ ပြောဒေါ့မယ်။ ( ခေါက်ချင်စရာလေသံနော်းD )

သတိတရတက်-ဂ်-ပေးတဲ့ မမဆုငယ်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ မဟုတ်လို့ကတော့ မြတ်သွယ်က ဘာမှရေးဖြစ်ဦးမှာမဟုတ်။ နောက်ဆုံးတော့ မောင်နှမအားလုံး ကျန်းမာကြပါစေလို့ ဆန္ဒပြုရင်း


Sunday, May 3, 2009

ချောတိုင် ချစ်သူ

လေပြင်းမုန်တိုင်းလား
ကံဆိုးမိုးမှောင်လား
တစစမဟုတ်ဘဲနဲ့
အရာရာဟာ
လွင့်ပျယ် ကုန်ဆုံးသွားလိုက်တာ
ဒီတစ်ည ငါမော့လိုက်တဲ့
ခွက်ထဲက အရည်တွေအတိုင်းပဲ..

ခပ်စပ်စပ်တွေးလိုက်ရင်
ငါ မမှားပါဘူး..
ဝဋ်ကြွေးသက်သက်ပဲ
ငါဟာ ပေးဆပ်နေသူမဟုတ်
ရယူလိုခြင်းလဲ မရှိသူ
နင်နဲ့ပက်သက်သမျှကို လွှတ်ချထားနိုင်ချင်သူ..

*တစ်သီတင်းလုံး မိုးခေါင်တယ်
ဗုံတီးလို့ပဲရွာရွာ ကြိုးဆွဲလို့ပဲရွာရွာ
သူတို့ကို ဈေးကောင်းနဲ့ပေးဝယ်နေရတယ်*
အဲ့ဒီအချိန်မှာ
ငါ့မျက်ရည်တွေ ဈေးပေါသွားခဲ့တာပေါ့..

ခဏတာဆိုတဲ့ ခံစားမှုတွေမှာ
နင်လဲအပါအဝင် ငါလဲအပါအဝင်..
ဒါပေမယ့်
မျှတမှု မရှိ တူညီခြင်းလဲ မရှိ
ငါ့အတွက် လွန်ဆန်ခြင်းမပြုနိုင်သလို
ငါ မရုန်းထွက်လိုဘူး..

အတိတ်တွေဆိုတာ
ကော်နဲ့ကပ်ထားသလား ထင်ရတယ်
ပေးလိုက်တဲ့ စကားသုံးလုံး..
တစစနဲ့ ငါ့အသဲနှလုံးလဲ
ဝဲစားသလို ဖြစ်လို့..

နင်ဟာ
ငါ့ကို ဒဏ်ရာတွေရစေသူပါ
နင်ဟာ
ငါ့ကို ခံနိုင်ရည်တွေပေးတဲ့ ဆရာပါ
နင်ဟာ
ငါ့ကို အက်ကွဲမှုနဲ့ကြမ်းတမ်းစေ သူပါ
နင်ဟာ
ငါတက်ရမယ့် ချောတိုင်ပါပဲ...။

- မြတ်သွယ် -

( * - *) ကိုပိုင်စာသားမဟုတ်ပါ။

Thursday, April 30, 2009

သက်တမ်းထဲက နေ့တစ်နေ့

ရာသီက နွေ
ဥသြသံကြားတာက နား
တိမ်ကွယ်နောက် ပုန်းလျှိုးအလင်းခင်းသူက လမင်း
ဒါ သက်တမ်းထဲက ညခင်းတစ်ခင်းပါပဲ..

ဖရိုဖရဲ ဖြစ်နေတာက
အနံ့ဆိုးတွေနဲ့ ခေါင်းပေါ်ပေါက်တဲ့ အမျှင်တွေ
ဒါပေမယ့်
သူတို့က သံယောဇဉ်လောက်တော့ မဆိုးဘူးပဲ..

ယိုင်နေတာ ခြေနှစ်ချောင်း
စွဲဆောင်နေတာက အမေခင်းပေးထားတဲ့ မွှေ့ယာကြီး
နောက်ဆုံးတော့
ဒီလူ ဘယ်ခံနိုင်ပါ့မလဲ..

စွန်လိုစိတ်တွေ ကောင်းကင်ပေါ်မှာ
လွင့်နေတယ်
ကိုင်ထားတာက ၁၇နှစ်ရဲ့ ဦးနှောက်နဲ့
ကြယ်ကြွေလဲ သူ ဆုမတောင်းဘူးဆိုပဲ..

လည်တိုင်မှာ စကားလုံးတွေမြုံထားတယ်
အာခေါင်မှာလဲ ခြစ်ကုတ်ရာတွေနဲ့
အဲ့ဒါ နှလုံးသားထဲမှာ
ကိန်းအောင်းနေတဲ့ လူတစ်ယောက်အတွက်တဲ့..
လေရှပ်သံတွေ
အရူး.. အရူး.. လို့ ပြောင်းမြည်ခဲ့တယ်

မျက်စိတွေ ကြောင်မြဲပဲ
ခန္ဓာကိုယ်ထဲမှာ ကော်ဖီရဲ့စွမ်းအားတွေ

ဇာတ်ကားနာမည်လိုပေါ့
သူက “ ဝါသနာခတ်တဲ့ လက် ”
သက်တမ်းထဲက တစ်နေ့ကို
ဒီစာမျက်နှာမှာ ဒီနေ့ပဲချရေးနေတယ်
မနက်ဖြန်ဆိုတာ မသေချာဘူးဆိုပဲ...။

- မြတ်သွယ် -

Sunday, April 26, 2009

အမှောင်သခင်

ကွန့်ဆိုကာ တီတာဖွဲ့ရအောင်
မတွန့်တိုစွာ ငါစောင့်ဆိုင်းတော့
မနှေးမမြန် သင်လာခဲ့ပြီ
မျှော်မိနေသော အမှောင်သခင်...

ကောင်းတစ်ခွင် ကြယ်စင်ငယ်ရယ်
မှေးတုတ်မှိတ်တုတ်
ပင်ယံထက် စိမ်းရွက်လွှာရယ်
လှုပ်ချည်တစ်လှည့် ငြိမ်ချည်တစ်ခါ
လေပြေသွဲ့သွဲ့မှာ
ဟန်ပါပါ ညီညီစည်းချက်နဲ့
ပျို့ဆံနွယ်များ က ရှာလို့ပေါ့

ပိုးစုန်းကြူးငယ် ချုံကြားလက်လက်
ရွှေဖားငယ်က တခုန်ခုန်
သာငွေလမင်း ဤညခင်းမှာ
အဝေးချစ်သူကို လွမ်းနေမိရာ
ပျိုမေ့ပါးမို့ မခို့တရို့နဲ့ သခင်ရယ်...

မချန်သက်အို လူသူငယ်
တန်းတူညီတူ အလင်းဖြာတယ်
ညချမ်းမှာပွင့် ပန်းတစ်ပွင့်
သွင်သွင်ပွင့်ဖက် ပြောင်းစေကာမူ
မှောင်ညချိန်ခါ...
သင်ပွင့်လေမှ တင့်တယ်ပါတယ်

အမှောင်သခင်ရယ်...
ချိန်ခါဟူသည် ရွေ့လျားမြဲမို့
နေ့နှင့်ညလဲ ကူးပြောင်းရပေါ့
နောက်ညချိန်သို့ ပျိုမှန်းမျှော်ပြီး
ဒီညချိန်ကို ပြုံးကာနှုတ်ဆက်
အေးချမ်းမှုအပေါင်း သရဖူးဆောင်းသူရေ...
ပျို့ချစ်သူလဲ သင့်ကိုမျှော်လေပြီ

မကြာတော့တဲ့ တစ်ထောင့်တစ်ည
ချစ်ရူးသူ ပျိုတို့နှစ်ဦး
မြေညီညီ ညချမ်းတစ်ခုမှာ
အမှောင်သခင့်အား
ချစ်ခြင်းသံစဉ်တွေ ဖွဲ့ဆိုပါ့မယ် သခင်ရယ်...။

- မြတ်သွယ် -

Monday, April 20, 2009

မျက်ရည်ကျစေမယ့် အဆိပ်ပန်း

ဘယ်အချိန်ကတွယ်လာတဲ့အမြစ်လဲ
နှလုံးသားမှာတွန်းထိုးမွန်းကြပ်
သဘာဝကရှင်သန်ခွင့်ပေးတာလား
ငါကိုယ်တိုင်ကပဲ ဆွဲမနှုတ်နိုင်တာလား ( အဆိပ်ပန်း၏ ရေးသားခြင်း )
တစ်ကယ်ဆို
သူက ငါ့ကို ရုန်းထွက်ခွင့်ပေးထားပြီးသားပဲ..

လူတိုင်းတော့အချစ်ပန်းကို ပွင့်စေချင်တာပါ
ဒါပေမယ့် ငါ့အတွက်
သွေးတစက်စက်ကျနေတဲ့ ရင်ခွင်က
မညှိုးမနွမ်းပဲပွင့်နေတဲ့ အဆိပ်ပန်းကပိုလှလို့နေတယ်
အဲ့ဒီပန်းက ညှို့ချက်ပြင်းပြင်းနဲ့
ငါ့ အသက်ကိုဆွဲချုပ်ထားတာ..

အဆိပ်ပန်းဆိုတာ ငါ့မျက်ရည်တွေနဲ့ရင်းပြီး
ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့်..
အဲ့ဒီပန်းပွင့်တဲ့နေ့က
မြေတစ်ခွင်က ပန်းပွင့်ဖက်တွေ အလိုလိုလေမှာလွင့်
သူပွင့်တဲ့နှလုံးသားမှာ ခစားလို့..
အဲ့ဒီပန်းက ဒီထက်ပိုရှုံးလို့မရတော့ဘူးလေ..

နှင်းဆီတွေ စံပယ်တွေကို
ကေသာထက်မှာ ဝင့်ကြွားစွာပန်ဆင်တတ်တဲ့
မိန်းမလှတစ်ယောက်က
နှလုံးသားထက်မှာ အဆိပ်ပန်းကို
ရဲရင့်စွာ ပန်ဆင်နိုင်မလား..
ငါ့အသက် ငါ့ခန္ဓာ ငါ့နှလုံးသားမှာတော့
အဆိပ်ပန်းကို ရဲဝံ့စွာပန်ဆင်လိုက်ပြီ

အဆိပ်ပန်းကို ပန်ဆင်ထားတဲ့
ငါ့ရဲ့လှပမှုအောက်
မြင်သူ မျက်ရည်ကျစေသတည်း...။

- မြတ်သွယ် -

Thursday, April 9, 2009

တွေ့ဖူးချင်ဆုံး ၁၀ ယောက်

ကိုဖြိုးဝေတိုး ( မိုးတိမ် )ရဲ့ တက်ဂ်လေးပါ။ တွေ့ဖူးချင်ဆုံး ၁၀ ယောက်တဲ့း)

၁။ မမ၀ါဝါကို တွေ့ဖူးချင်ပါတယ် - မုန့်၊ ဟင်းတွေ ကောင်းကောင်းချက်တတ်လို့း) တကယ်မစားရပေမယ့် ပုံတွေကြည့်ပြီး ရွှတ်လွပ်လွတ် ဖြစ်ခဲ့ရပေါင်းနည်းဘူးလေ။ မတွေ့လို့ ဘယ်ဖြစ်မလဲ နော့် အဟဲ...

၂။ မမသက်ဇင်ကို တွေ့ဖူးချင်ပါတယ် - ခင်မင်မှု တခဏလေးအတွင်းမှာ အစ်မတစ်ယောက်ရဲ့ မေတ္တာတွေပေးခဲ့လို့း) သမိုင်းကြောင်း ကောင်းကောင်းမသိသူဆိုတော့ မမသက်ဇင်ကို ဆည်းကပ်ရမည် ဟီးးး...

၃။ ကိုချစ်ခြင်းခြေရာကို တွေ့ဖူးချင်ပါတယ် - အယ်လွန်းဝါရဲ့ အော်တို ရနိုင်မှာဟုတ်ဘူးလေ။ အဲ့ဒီတော့ ကိုချစ်ခြင်းခြေရာကိုပဲ အော်တိုရေးပေးလို့ပြောရမှာ၊ ( ဘီလို ဘီလို .. အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ တဲ့ .. အဲ့သီချင်းလေးဆိုတာ နှစ်သက်မိလို့ ) ...

၎။ ကိုအလှတရားကို တွေ့ဖူးချင်ပါတယ် - ဆီးချိုဆရာဝန်ဆိုတော့ အဖေ့အတွက် မသိတာလေးတွေ မေးလို့ရတာပေါ့ ဟီးးး ပြီးတော့ ကိုအလှတရားက သဘောကောင်းပြီး ခင်ဖို့ကောင်း၏...

၅။ မမမယ်ဂုမိကို တွေ့ဖူးချင်ပါတယ် - စတိုင်လ်ရှိမှ စတားဖြစ်တယ်တဲ့.. မမမယ်ဂု စတိုင်ကမိုက်တယ် ပြီးတော့ အရုပ်တွေ အများကြီးရှိသူဆိုတော့ ဆော့လို့ရအောင် ဟီးးး...

၆။ မက်မက်ကို တွေ့ဖူးချင်ပါတယ် - ကော်ကော်တိုက်နေကျ တူမလေးမို့ ဟီးးး.. စကားပြောပုံလေးကိုလည်း ချစ်တယ်၊ အာဝါးးးလဲ ပေးတတ်သကိုး.. တီတီလို့ အခေါ်ခံရတာလဲ အတော်နားထောင်ကောင်းရယ် အဟတ်...

၇။ ကိုဖိုးဂျယ်ကို တွေ့ဖူးချင်ပါတယ် - တူလေးဂျယ်နဲ့က ကော်ဖီတစ်မှုန့် ပဲကြီးလှော်တစ်ခြမ်း စာချုပ်ရှိတော့ တွေ့ရမှ.. အော် တွေ့ရမှး) ဟီးးး...

၈။ မမဆုငယ်ကို တွေ့ဖူးချင်ပါတယ် - ရေခဲမုန့်ကျွေးဖူးတယ်ဗျး) ပြီးတော့ မမဆုငယ် အသံလေးကိုလဲချစ်လို့ မမနဲ့တွေ့ချင်ပါ၏...

၉။ အကိုအိမ်ကို တွေ့ဖူးချင်ပါတယ် - စကားပြောပွင့်လင်းတဲ့သူတစ်ယောက်မို့ပါ၊ ဒါဆိုဒါပဲ.. ဟာသလဲ အလွန်ကောင်းတော့ မိတ်ဆွေ၊ အကိုတစ်ယောက်အနေနဲ့ဆို အမြဲတမ်းပျော်နေရမှာ သေချာပါတယ်း) ...

၁၀။ ပုလဲဖြူ နွံထူထူကြား လို့ ကဗျာစပ်ပေးဖူးတဲ့ ကိုထက်ကိုလည်း တွေ့ဖူးချင်ပါတယ် - မသိတာတွေကို သေချာစိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တဲ့ အကိုတစ်ယောက်ပါ၊ အားပေးတတ်တဲ့နေရာမှာလည်း ထိထိမိမိ အားပေးတတ်ပါတယ်၊ ပြီးရင် အတည်ပေါက်နဲ့လဲ စတတ်သေး၊ ထူးထူးဆန်းဆန်းနာမည်လဲ ပေးတတ်ပါ့၊ နောက်ဆုံးကတော့ မိုးချစ်တာချင်းလဲ တူလို့.. မိုးရေထဲမှာ ဆော့ဖို့ အဖော်တစ်ယောက်ရတော့ပေါ့ အဟဲ.. ( ကိုထက် ဆော့မည်လေား) )...

တခြားအကိုတွေ အမတွေကိုလည်း တွေ့ချင်ပါတယ်... ရွယ်တူတစ်ယောက်မှ မသိတာကိုတော့ ၀မ်းနည်းမိ၏း(
မောင်နှမတွေနဲ့ ကံဆုံရင် တွေ့ဖူးချင်ပါတယ်... ကျန်းမာရွှင်လန်းကြပါစေး)

- မြတ်သွယ် -

Thursday, April 2, 2009

ချစ်ရဲခဲ့၍ ပွင့်ရဲရမည့် ပန်းတစ်ပွင့်

နွေညရဲ့ ပြတင်းဘေးမှာ
ငါ ထိုင်ငေးနေလိုက်တာ
ဟိုးအဝေးက လင်းလက်မှုတစ်ခုနဲ့
မင်းပုံရိပ်လေးပဲ ထင်လာပြီး
ပဲ့တင်ထပ်နေတဲ့ မင်းအသံကိုလည်း
ငါ့ရဲ့ရင်ခုန်သံတွေက ဒူးထောက်လို့ ...

မင်းရဲ့ ရက်စက်မှုတိုင်းကို
ငါ မမေ့နိုင်ခဲ့ဘူး ချစ်သူ
ဒဏ်ရာကိုပါ သေသပ်စွာမချုပ်မိခဲ့တော့
အတိတ်နဲ့အခုမှာ မင်းပြုတဲ့ စွချက်တိုင်း
သွေးချည်တွေ တစစပွင့်ထွက်လို့
ငါ့နှလုံးသား သဏ္ဍာန်မဲ့လို့သွားပြီ

လောကကြီးပေးတဲ့ လက်ဆောင်မှာ
အလွမ်းတွေ မျှော်လင့်ချက်တွေ
ငါ့အတွက် မရှိတော့ပါဘူး ချစ်သူ
ရောင့်ရဲမှုနဲ့ ပြည့်စုံနိုင်ဖို့ပဲ
ငါဟာ
ရေတစက် နေတခြည် လေတချက်နဲ့သာ
ပွင့်ရမယ့် ပန်းတစ်ပွင့်ပေါ့ ...

ချစ်ရဲခဲ့မတော့ ငါ ပွင့်ရဲရဦးမပေါ့ ချစ်သူရယ် ...။

- မြတ်သွယ် -

Tuesday, March 24, 2009

စံပယ်များဖြင့် စောင့်နေမည်

မိန်းခလေးရေ .........
နံနက်ဆည်းဆာချိန်
မနက်တစ်ခင်းရဲ့ လေကို
အဝသာရှုလိုက်စမ်းပါ
မင်းရှိတဲ့အရပ်ကို လန်းဆန်းဆဲ
ငါ့အလွမ်းတွေ ပါးလိုက်တယ်ကွာ

အလိုက်အထိုက်နဲ့ ရောက်လာတဲ့
ငါ့တို့ရဲ့ ဖူးစာဂေဟာ
မင်းလေးကတော့ ဘယ်သိပါ့မလဲ
ငါ့မှာတော့ နဖူးပေါ်လက်ခဲ
ညအချိန်တွေ အလူးအလဲနဲ့
တစ်ယောက်တည်းအချိန်တွေ ဆွေးကုန်ပြီကွ

တစ်ခါတစ်ခါတော့
ကောင်းကင်က တိမ်လွှာရှင်တွေကို
မင်းလက်နုနုလေးနဲ့ တို့လိုက်စမ်းပါ
မိန်းခလေးရယ် ...........
အဝေးတစ်နေရာကနေ
မင်းပေါ်ကို အနမ်းမိုးလေးတွေ
ငါ ရွာသွန်းချင်လို့ပါ

ငါဟာလိပ်မျိုးပါ မိန်းကလေး
မင်းနဲ့မအက်စပ်တဲ့ မေတ္တာတွေကို
မျှော်လင့်မနေတော့နဲ့ကွာ ............

ဒီနေရာမှာ စံပယ်ပန်းလေးတွေနဲ့
ငါ မင်းလေးကို စောင့်နေမယ်
ငါ့ရဲ့ ပန်ဆင်မှုတွေအောက်မှာ
မင်း အလှဆုံးဖြစ်နေစေရမယ်
ဆံနွယ်တွေကို ငါ့ရင်ဘတ်ကြီးဆီသာ
အပ်နှင်လိုက်ပါတော့ မိန်းခလေးရယ် ...........

( တံတိုင်း ) ရေးပေးတဲ့ ဦးဦးချွတ်ချွတ်ကဗျာလေးပါး)

Thursday, March 19, 2009

နှလုံးသားထဲက သွေးစွန်းပန်းချီ

အဖြူရောင် စာရွက်အချောမှာ
ခပ်ကြမ်းကြမ်း ခဲထိပ်ကလေးနဲ့
ခပ်ရေးရေး ဆွဲခြစ်လိုက်တယ်
သွေးထဲက အချစ်တွေ
တဖြည်းဖြည်း
အရောင်ထင်လာခဲ့လေရဲ့

မမေ့နိုင်တဲ့ မျက်ခုံးထူထူ
နက်မှောင်လေတဲ့ ဆံနွယ်သန့်သန့်
ထူထပ်ထပ် နှုတ်ခမ်းလွှာများရယ် ...
ငေးအမိမှာ ပြေးကြားမိတဲ့
အေးလေတဲ့ သင့်အသံ
လွမ်းမိတဲ့ ကျမရင်ခွင်ရဲ့အမှားပါပဲ

ပန်းချီချပ်ထဲက အသင်
နှလုံးသားရဲ့ အရှင်မည်လေတော့
ဝေလေဦးပေါ့ အလွမ်းတွေ
ကြွေလေဦးပေါ့ ပုလဲတွေ
ကြေလေဦးပေါ့ စံပယ်ရေ

ဓါးထက်ထက် အလက်လက်တွေ
ဒီနှလုံးသားမှာ ထပ်နေပေမယ့်
အရှင်စိုက်သရွေ့
ရင်ခွင်တံခါး မပိတ်ပါဘူး
ဓါးအလက်လက်တွေ ကုန်တဲ့နေ့
သင့်ပန်းချီရိပ် သင် မြင်ပါလိမ့်မယ်
သွေးစွန်းသော်လည်း သူလှနေလေရဲ့...။
---
၂၀.၃.၂၀၀၉ ( သောကြာနေ့ )
သန်းခေါင်ယံ ၁ နာရီ ၅၅ မိနစ်
---
- မြတ်သွယ် -

Thursday, March 12, 2009

ဝေပါဦးမည်

တရေးနိုးခဲ့ ညတစ်ည
ကုတင်အဝေး ပြတင်းနဘေး
ဝိုင်းစက်ပြီး အလင်းဖြာနေတဲ့
လမင်းကြောင့်
“ ချစ်သူခိုးကြည့်တဲ့ ည ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
အရူးတစ်ယောက်ပါ

တစ်ခါသာ ပေးဖူးတဲ့
အနမ်းမိုးတဲ့လား
မိုးဖွဲ မိုးသဲနေ့ညတွေမှာ
“ ချစ်သူလွမ်းလို့ ရွာတဲ့မိုး ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
ပိုလို့ ရူးတဲ့သူတစ်ယောက်ပေါ့

ဒါပေမယ့် ငါဟာ
နိုးနေတဲ့ အရူးတစ်ယောက်ပါ

အတိတ်တွေနဲ့တင်
ကျေနပ်လို့ ရတယ်ဆို
မျက်ရည်တွေ ဆက်ကျလိုက်ပါ့မယ်
ပွက်ပွက်ဆူလာတဲ့
အလွမ်းတွေကို မီးပိတ်ရင်း
အဖုံးပါ ပိတ်လိုက်ပါ့မယ်

မွန်းကြပ်လာမယ့် စိတ်ငွေ့တွေကို
ကြိုမတွေးဝံ့ပါဘူး
ဒါပေမယ့်
ချစ်ရသူတစ်ယောက်ရဲ့
မချစ်ခြင်းတွေကို သေချာပိုသိဖို့
အားအင်တွေ ငါ့မှာ လုံးဝမရှိဘူး

မြေကြီးပေါ်မှာ ဆက်ရပ်သ၍
အလွမ်းငွေ့တွေ ဝေဦးမပေါ့...။

၁၃.၃.၂၀၀၉ ( သောကြာနေ့ )
သန်းခေါင်ယံ ၃နာရီ ၂၉ မိနစ်

- မြတ်သွယ် -

Sunday, March 8, 2009

အရူးဆုတောင်း

ညနေဆည်းဆာချိန်ရယ်
အလွမ်းတွေကို အစဖော်လိုက်တာများ
ရင်ခုန်သံတွေရှုပ်ထွေးပြီး
မျက်ရည်တွေဝေ့
နောင်တပန်းတွေ ပွင့်ခဲ့တယ်

မြင်လှည့်ရင် ကြည့်လှည့်ပါ
လေပြေရယ် ...
အနေဝေးအောင်
ငါ ဖန်တီးခဲ့တာ
ရင်ခုန်ခြင်းမဟုတ်တဲ့ သက်သေပါ

ဒီလိုပဲ
နဖူးတွေ့ ဒူးတွေ့
အချစ်ရဲ့ အလေးခိုးခြင်းတွေဟာ
ငါ့ နှုတ်ခမ်းတွေ
မတွန့်တတ်တော့ အထိပါပဲ

ချစ်သူ ...
ကြယ်ကြွေညနဲ့ ကြုံခဲ့ရင်
လွဲတတ်တဲ့ ငါ့ဆုတောင်းတွေကြောင့်
နင် ငါ့ကိုမုန်းပါစေလို့
အရူးတစ်ယောက်လို ဆုတောင်းမိမှာပါ...။

၈.၃.၂၀၀၉ ( တနင်္ဂနွေ )
ည ၉ နာရီ ၁၆ မိနစ်

- မြတ်သွယ် -

Friday, March 6, 2009

မတိုက်တော့မယ့် လေပြေ

သင်ခန်းစာတွေ ရဖူးလို့
ရင်ခုန်သံတွေက
ပွင့်ချပ်နှစ်လွှာကို ပိတ်ဆို့ထားခဲ့တယ်
ဒီလိုပဲ ...
နှစ်ခါမရတတ်တဲ့ အခွင့်အရေး
နောက်တစ်ကြိမ်ရှိခဲ့လည်း
ငါ တိတ်ဆိတ်စွာပဲနေမှာပါ

ချစ်သူရယ် ...
တကယ်ဆို ငါဟာ နင်နဲ့မထိုက်
ဒါပေမယ့် နင်က
ငါ့လေပြေတွေပြောတဲ့ ယုံကြည်ချက်ပါ
ပိတ်ခဲ့တဲ့ ရင်ခွင်တံခါး
အလုံစေ့သွားခဲ့ပါပြီ
ငါ့လေပြေတွေက ထပ်တိုက်ဖို့မရှိတော့ပါဘူး

နုစိတ် ရူးစိတ်မှာ
ခံစားချက်တွေလွန်လို့
တည်ငြိမ်မှုတစ်ခု မွေးဖွားလာခဲ့ပါပြီ
ချစ်သူရယ်...။
-------
၇.၃.၂၀၀၉ ( စနေနေ့ )
သန်းခေါင်ယံ ၄ နာရီ ၉ မိနစ်
-
- မြတ်သွယ် -

Tuesday, March 3, 2009

နောက်ဆုံးတော့ ရတနာနှစ်ပါးသာ

( ၁ )
ဒိုင်ယာရီစာအုပ်ကို ဖွင့်လျက်ထားပြီး ကျမ... ကောင်းကင်ကြီးကိုမော့ကြည့်နေမိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ညသဘာဝ၊ ကောင်းကင်ကြီးက မှောင်နေတာပါပဲ၊ တိမ်တချို့ရဲ့အရောင်တွေက အနီရောင်သန်းနေတယ်၊ ကြယ်လေးတွေကတော့ မှိန်မှိန်လက်လက်နဲ့ပေါ့... ဒါပေမယ့် ဒီညက ငွေလမင်းမဲ့တဲ့ ည၊ မောင်သာဆို ဆေးလိပ်လေးဖွာ ပြတင်းပေါက်ဘေးရပ်ပြီး လမင်းကြီးကို ဟိုဒီရှာဖွေနေမှာပဲလို့ တွေးမိလိုက်တယ် သြော်... မောင်တဲ့လား ရင်တွင်းနစ်စို့မှုတွေက တိတ်ဆိတ်နေတဲ့ ကျမအခန်းထဲကနာရီသံထက် ပို၍ ကျယ်လောင်စွာ တံခါးလာခေါက်ခဲ့တယ်။

“ မေမေ... ”
“ ဟော သားလေး ... လာ သားလာ ”
ဘယ်အချိန်က လည်လာခဲ့မှန်းမသိတဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေကို သားလေးမမြင်အောင် ကျမအမြန်သုတ်ပြစ်လိုက်တယ်။
“ မေမေ... မေမေ ဝမ်းနည်းနေတာလားဟင် ”
သြော် ... ခပ်လေးလေး သက်ပြင်းလေးက အလိုလိုထွက်ကျလာတယ်၊ သားဟာ တကယ်ကို ပါးနပ်တဲ့ ကလေးပဲ၊ ဒါပေမယ့် ကျမ သားကို ညာခဲ့ရပြန်ပြီပေါ့ ... ...
“ မဟုတ်ပါဘူး သားရယ်... မေမေဘာမှမဖြစ်ပါဘူးကွယ်၊ သားကော ဘာလို့နိုးလာတာလဲ ”
“ သား ရေဆာလို့ပါ မေမေ ”
“ သြော်... သားရေဆာလို့လား ... လာ သားလာ မေမေ ခပ်တိုက်မယ် ”

ကလင်! ကလင်! ကလင်!
အမေ့ ဖုန်းသံကိုကြားလိုက်တော့ သားလေးက သူ့ဖာသာခပ်သောက်မယ် ဆိုတာကို လက်ဟန်ခြေဟန်နဲ့ ပြောပြခဲ့တယ်၊ အင်းးး ကျမ... ဒီသားလေးကို သံယောဇဉ်တွယ်မိတာ မမှားဘူးဆိုတာ နဂိုကထက် ပိုခိုင်မာလာပါတယ်လေ ... ...

“ ဟုတ်ကဲ့ လှလေးသွယ်ပါရှင် ”
“ လှလေး၊ ငါပါ ... စိမ်း ”
“ စိမ်း... နင်မအိပ်သေးဘူးလား ”
“ အေးဟာ၊ ငါလဲခုမှအပြင်က ပြန်ရောက်တာ...၊ နေဦး လှလေး၊ ငါ နင့်ကို ပြောစရာရှိလို့ဟ ”
“ အင်း ပြောလေစိမ်း ... ဘာပြောမှာလဲ ဒီချိန်ကြီး သရဲအကြောင်းတော့ ငါ့လာမပြောနဲ့နော် ... ငါကြောက်တယ်အေ ”
“ ဟဲ့ မိန်းမ... လာနောက်နေတယ်၊ ငါ အလုပ်ကိစ္စပြောမလို့ ”
“ ဟီးးး အေးပါဟာ ... ပြောပြော ”
“ ဒီလိုဟ ... မနက်ဖြန် ... ” ...
“ သြော် ... ရပါတယ်၊ ငါမနက်ဖြန် သားကိုကျောင်းပို့ပြီးရင် နင့်ဆီလာခဲ့လိုက်မယ်လေ ”
“ နိုး ... နင်မလာနဲ့ လှလေး၊ ငါလာခေါ်မယ်... သူ့အိမ်က နင့်ဆိုင်နဲ့ပိုနီးတယ် ”
“ အင်း ဒါဆိုလဲ နင်အဆင်ပြေသလိုလုပ်လေ၊ ဆိုင်ရောက်ခါနီးကျဖုန်းဆက်လိုက်ပေါ့... ငါ မနက်ဖြန် ဆိုင်မှာပဲရှိမယ် ”
“ ဒါဆို ဂွတ်နိုက်ဟာ၊ ငါလဲ အိပ်ချင်နေပြီ ”
“ အေးအေး စိမ်း၊ ကောင်းသောညလေးပါ ”

ဖုန်းသံအဆုံးမှာ ကျမ ဟူးးးခနဲ သက်ပြင်းချလိုက်တယ်... ဘာရယ်တော့မဟုတ် မောလာလို့ထင်ပါတယ်။ နောက်တော့မှ ရေးလက်စ ဒိုင်ယာရီစာအုပ်လေးပိတ်ပြီး အိပ်ယာဝင်ခဲ့လိုက်တယ်၊ မနက်ဖြန်ဆိုတာ ဒီနေ့ပြီးရင် ရှိလာစမြဲပဲလေ။

ငြိုငြင်ဟန် မမူပါနှင့် တိမ်လွှာရှင်၊
ကြယ်စင်ငယ်ကို အဖော်ရယ်ဖြင့်
ဤလူသားတွင် မရှိပါ၊
လမင်းကြီးနှယ် အေးချမ်းဆိုရိုး
ဤလူ့ နှလုံးသားသည်လည်း
ထုံးစံကယ် မရှိသေးချေ၊
မချိလေတဲ့ ရင်မှမိုးရေ
ပါးထက်သို့ လှိမ့်ကာစီးသည်မို့
ငြိုငြင်ဟန် မမူပါနှင့် တိမ်လွှာရှင်...
ဤလူ့မျက်ရည် မခမ်း
သင့်မိုးများ မရွာစမ်းပါနှင့်...။ ။

( ၂ )
ညဝေဒနာ ... လွန်စွာဆိုးတယ်၊ အိပ်မရခဲ့တဲ့ညတွေဆိုတာ ကျမအတွက် ရေတွက်မရတော့ဘူး... ဒါပေမယ့် ကျမဟာ အိမ်ရှင်မတစ်ယောက်၊ နံနက်စောစောထပြီး အိမ်ကသူတွေစားဖို့ပြင်ဆင်၊ သားလေးကို ကျောင်းသွားဖို့အိပ်ယာနိုး... ပြင်ဆင်ပေးပြီး လက်မလည်ခဲ့တာတော့ အမှန်ပဲ၊ ဒါပေမယ့် အနည်းဆုံးတော့ မနက်ဆိုတာ ညထက်သက်သာမှုပိုရှိပါတယ်လေ။

သားကိုကျောင်းပို့ပြီးတော့ ဆိုင်ကိုသွားခဲ့တယ်။ ဆိုင်ကို ဝန်းထမ်းတွေက ကျမထက် ဦးစွာရောက်နှင့်နေတယ်၊ ဆိုင်က ဝန်ထမ်းကောင်မလေးက ကော်ဖီသောက်မလားမေးတာကို ခေါင်းညိတ်ပြပြီးတာနဲ့ ဆိုင်ရဲ့ CLOSE ဆိုင်းဘုဒ်ကို OPEN ဘက်လှည့်လိုက်တယ်... အလွမ်းသစ်တွေဝေဦးမယ့် နောက်တစ်နေ့ပဲလား... ...
ကျမစားပွဲမှာ ကော်ဖီပူတစ်ခွက် ရောက်နှင့်နေပြီ၊ ကော်ဖီတဲ့လား... မောင်ဖျော်ပေးခဲ့တဲ့ တစ်ခွက်တည်းသော အဆိပ်ခတ်ထားတဲ့ ကော်ဖီလောက် ဘယ်ကော်ဖီက သောက်လို့ကောင်းမှာလဲ... အိုး... စောစောစီးစီးတွေးမိတဲ့ အတွေးတွေကို ခေါင်းရမ်းရင်းခါထုတ်ပြစ်လိုက်တယ်၊ ဒါပေမယ့် မရခဲ့ပါဘူး... ဆိုင်ကိုလာတဲ့ ဧည့်သည်တွေနားထောင်ဖို့ သီချင်းဖွင့်လိုက်မိကာမှ ဦးစွာထွက်လာတဲ့ သံစဉ်က “ အပြုံးတုရဲ့အမုန်း ” .။

ဲ


“ ဟေး ... လှလေး ”
“ စိမ်း ... ရောက်ပြီလား၊ လာလာ ... ”
“ ဟူးးး ရာသီဥတုကလည်း ပူပါ့ဟာ ... မောလိုက်တာ ”
“ စိမ်း... နင်အအေးသောက်ဦးမလား ”
“ မသောက်တော့ပါဘူးဟာ၊ တော်ကြာနောက်ကျနေမယ် ... ငါတို့ သွားရအောင် လှလေး ”
--------
“ လှလေး ... အခုသတို့သမီးနာမည်က မြနှင်းတဲ့၊ ချောလဲချော လှလဲလှတယ် သိလား ”
“ ဟုတ်လား ... နာမည်လေးကတော့ လှတယ်နော်၊ လူကိုတော့ အိမ်ရောက်မှ အပီကြည့်တော့မယ်၊ ဒါနဲ့ သတို့သားကကော ”
“ ဒါတော့ သူက လျှိုထားတယ်ဟ၊ ငါ့ကို မင်္ဂလာဆောင်တဲ့ နေ့မှကြည့်တော့တဲ့ ”
“ ဟောတော် ... အဲ့လိုလား ”
“ အေးဟာ ... နာတယ်၊ ငါလဲကြိုမြင်ဖူးချင်တာပေါ့လို့ နော့် ”
“ ဟဟ ကောင်းတယ်၊ ဒါဆို မြနှင်းကတော်တော် တော်တာပဲ ”
“ ဟင်... ဘာလို့လဲ လှလေး ”
“ နင်စပ်စုလို့ မရတော့ဘူးပေါ့ ဟီးးး ”
“ မိန်းမ အေးပါ၊ နင်ပြောထားဦးပေါ့ ”
ကျမ သဘောကျစွာ စိမ်းကို စနောက်ခဲ့မိတယ်၊ ပြောမနာဆိုမနာ ဒီသူငယ်ချင်းလေးက ကျမအတွက်တော့ ရတနာလေးပါ။

( ၃ )
“ လာ ညီမလေးတို့ ... အိမ်ထဲဝင်ကြ ”
အေးမြတဲ့ အသံလေး ညင်ညင်သာသာနဲ့ အိမ်ထဲဖိတ်ခေါ်နေတယ်၊ မြနှင်းတဲ့လား... နွဲ့နွဲ့နှောင်းနှောင်းဟန်လေးနဲ့ ယဉ်လေသော အမျိုးသမီးတစ်ယောက်၊ အိညက်နေတဲ့ သူမအသားအရေ၊ မြင်သူစွဲလန်းစေမှာကတော့ သူမရဲ့ နူးညံ့ပျော့ပြောင်းနေတဲ့ ဆံစရှည်တွေ ... တစ်ဝက်သာစီးထားတော့ ကျန်တဲ့ဆံစတွေ ဝဲနေလိုက်ပုံများ၊ ဘယ်ဘုံက နတ်သမီးလဲလို့ ကျမ စိတ်ထဲကမေးခဲ့မိတယ် ... ...

“ ညီမလေး ... အိမ်ထဲဝင်ပါဦးကွယ့် ”
“ ရှင်... ဟုတ်... ဟုတ်ကဲ့ ... ”
သူမအလှမှာ ကျမမျောနေမိတော့ သူမက ထပ်ကာ ခေါ်ခဲ့တယ် ... အဲ့အချိန်မှာပဲ အပြုံးတစ်ခု၊ မမြနှင်းရယ် ... ယဉ်လေတဲ့ အပြုံးလေးပါလား။

“ အအေးသောက်လိုက်ပါဦး ညီမလေးတို့ရေ၊ မမကိုယ်တိုင် ကြိုဖျော်ထားတာ ... ဖရဲသီးဖျော်ရည်လေးလေ၊ ဈေးထဲသွားတော့ ဖရဲသီးတွေက အလုံးလဲကြီးတယ်၊ မြည်းကြည့်တော့လဲ ချိုနေတာနဲ့ ညီမလေးတို့လဲအိမ်လာမှာဆိုတော့ ဝယ်လာခဲ့လိုက်တာ၊ ညီမလေးတို့ ကြိုက်ကြရဲ့လား ... ”
“ လှလေးတို့နဲ့ကတော့ အံကိုက်ပါပဲ မမရေ၊ သူက ဖရဲသီးသရဲလေ ”
“ အယ်... စိမ်း နင်ပြောမှပဲ ငါကသရဲလုံးလုံးဖြစ်ပြီ ”
ခစ်ခစ် ... ...
စိမ်းနဲ့ ကျမ ပြောတာကို မမသဘောကျစွာ ရယ်လေသည့်အသံ၊ ကလေးတစ်ယောက်ရဲ့အသွင်တွေလည်း သူမမှာရှိနေပါလား၊ ဒါမှမဟုတ် မင်္ဂလာဆောင်ခါနီး မိန်းမသားတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကြောင့်ပဲလား... သေချာတာကတော့ ကျမ မမကို ငေးနေမိတာ အကြိမ်တွေထပ်လို့နေပြီ။

ဖျော်ရည်သောက်လို့ အပြီး၊ မမက သူမရဲ့အခန်းကို ဦးဆောင်ပြီးခေါ်သွားခဲ့တယ်၊ နှင်းဆီပန်းရနံ့တွေ ... ကျမမနှစ်သက်တဲ့ နှင်းဆီပန်းရဲ့ ရနံ့တွေ ...
မမအခန်းမှာပြည့်နေတယ်၊ သူမအခန်းရဲ့ ၀ရံတာမှာလည်း ဝေဆာနေလိုက်တဲ့ နှင်းဆီပန်းအိုးတွေ၊ မမမို့ ကျမသည်းခံခဲ့ပြီး သူမဆံစတွေကို စတင်ကိုင်တွယ်ခဲ့ပါတယ်၊ ပြီးတော့ ဒါဟာလည်း ကျမအလုပ်ပဲလေ... နှင်းဆီတွေကြောင့် မောင့်ကို သတိမရမိပါစေနှင့်လို့သာ စိတ်ထဲကနေ ဆုတောင်းနေခဲ့မိတော့တယ် ... ...

သူမရဲ့ ဆံစတွေဟာပျော့ပြောင်းကာ ဖြောင့်ဆင်းနေပြီး ကျက်သရေအလွန်ရှိလှတယ်၊ ဒီလိုဆံစရှည်တွေကို ကျမမောင့်ကြောင့် နှစ်သက်ခဲ့တယ် မြတ်နိုးခဲ့တယ် ဒါပေမယ့် ကျမကိုယ်တိုင်မြတ်နိုးလာတဲ့အချိန်မှာတော့ ကျမဖုံးကွယ်ထားလိုက်ရတာကို ကျမပြန်တွေးမိပြန်တယ် ... သြော် တွေးမိပြန်တဲ့ မောင့်အကြောင်း၊ နောက်တော့မှ စိမ်း ကယ်ပေလို့ပေါ့၊ ဖြတ်ခနဲမေးလာတဲ့ သူ့အမေးဟာ ကျမအတွေးတွေကို လွင့်ပျောက်စေခဲ့ပါတယ်...

“ မမ ... သတို့သားပုံလေးမပြဘူးလား မမရ ”
စပ်စုလေသော စိမ်း မနေနိုင်ပါဘူး၊ မမကို သတို့သားလောင်းလေးအကြောင်း မေးခဲ့ပြန်တာပဲ
“ ဟိုးဟိုး ... ငါ့ညီမလေး စိမ်းရယ် ... မင်္ဂလာဆောင်မယ့်နေ့က လိုမှမလိုတော့တာပဲကွယ်၊ အဲ့နေ့မှ မိတ်ဆက်ပေးမယ်လေ၊ မမမှာ ရှိစုမဲ့စုလေးမို့ပါကွယ် ဟီးးး ”
မမက ရင်းရင်းနှီးနှီး ခင်မင်မှုတွေကို အချိန်တိုလေးတွင်းမှာ ကျမကော စိမ်းကိုပါ ပေးစွမ်းနိုင်ခဲ့တယ်၊ ဒါဟာ ရိုးသားမှုတွေရဲ့ဆုံဆည်းခြင်းလားလို့ ကျမတွေးမိခဲ့တာအမှန်ပဲ... ...

“ မမ ပြီးသွားပြီ ”
“ ဟယ် ... ညီမလေး ... ဒါ မမ ဟုတ်ပါတယ်နော် ”
မမ၊ သူမက နှင်းဆီပန်းတွေချစ်တယ်။ မင်္ဂလာဆောင်တဲ့နေ့ကျ နှင်းဆီတွေသာ ပန်ဆင်မယ်လို့ပြောခဲ့တယ်... ဒါပေမယ့် ဒီနေ့တော့ ကျမ မမကို ကျမချစ်တဲ့ စံပယ်ပန်းတွေနဲ့ပဲ ဝေဆာနေအောင် ပန်ဆင်ပေးခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ ကျစ်ကျစ်လစ်လစ် ရစ်ပတ်လိုက်တဲ့ သူမဆံနွယ်တွေကြားမှာ စံပယ်လေးတွေ တစ်ပွင့်ချင်းစီကာ ရှင်းရှင်းလေးသာ ဆံထုံး ထုံးပေးခဲ့တယ်... ဒါဟာ ရှင်းသန့်ခြင်းတစ်ခု၊ အပိုတန်ဆာတွေမပါပေမယ့် သူမမျက်နှာရဲ့ လှပမှုဟာ ပြည့်စုံနေပါတယ်။

“ ငါ့ညီမလေးက တကယ်တော်တာပဲကွယ် ... မမရဲ့ မောင်တော်တောင် မှတ်မိပါ့မလား မသိတော့ဘူး ... ခစ်ခစ် ”
သူမ ဟက်ဟက်ပက်ပက်ရယ်ပြန်ပြီ။ ကလေးဆန်သူလေးလား... ကျမတောင် အလိုလို ခပ်အေးအေးတည်တည်မိန်းကလေးတစ်ယောက် ဖြစ်သွားသလို၊ ဒီလိုပဲ ... မှန်ရှေ့မှာ ရှေ့ကြည့်၊ နောက်ကြည့်လုပ်နေတဲ့ သူမဟာ ကျမအတွက်တော့ ကဗျာဆန်တဲ့ ပျော်ရွှင်ရိုးသားမှုတွေနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လို့နေခဲ့ပြီ။

( ၄ )
အချိန်တွေကုန်တာ မြန်တယ်ဆိုမလား၊ မနက်ဖြန်ဆိုလျှင်ပဲ မမလက်ထပ်တော့မယ်။ ကျမရင်တွေခုန်နေခဲ့တယ်၊ မနှစ်သက်တဲ့ နှင်းဆီပန်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ... ကျမရဲ့လက်တွေကကော နှင်းဆီတွေကို လက်ခံပါ့မလား... ဒါပေမယ့် မမရဲ့ အပြုံးလေး၊ အလုပ်လို့မှတ်ပြီးတော့သာပဲ ကျမလုပ်ဆောင်ရတော့မယ်၊
အိုး... ပြင်းလွန်းရှည်လွန်းတဲ့ သက်ပြင်းတွေချပြီး အတိတ်ခါးတွေ ရောက်မလာပါစေနဲ့ လို့ ကျမစိတ်ထဲကနေ အကြိမ်ကြိမ်ဆုတောင်းနေခဲ့မိတယ်... စာမျက်နှာအဟောင်းထဲက မျက်ရည်စက်တွေကခြောက်လို့သွားပေမယ့် အကွက်အရာလေးတွေကတော့ ကျန်နေခဲ့တာပဲလေ ... ...

နံနက်စောစောလေးပဲ ပစ္စည်းတွေကို စုံအောင်ပြင်ဆင်ပြီးတော့ ဘုရားခန်းထဲသွားပြီး ကျမ ဘုရားဝတ်ပြုခဲ့တယ် ... မမရဲ့ မင်္ဂလာရက်မြတ်လေးရောက်ခဲ့ပြီလေ၊ အရာရာအဆင်ပြေဖို့ ဆုမွန်ကောင်းတောင်းပြီး မမဆီကို ထွက်လာခဲ့လိုက်တယ်။ အားလုံးက အလုပ်တွေကိုယ်စီနဲ့... ကျမကတော့ မမရဲ့ အလှပြင်ဆင်မှုအပြီးသတ်ကိုစောင့်စားနေခဲ့တယ်... ပြီးလျှင် ကျမအလှည့်၊ ကျမဆံထုံး ထုံးပေးရတော့မယ်၊ နှင်းဆီတွေကိုင်ရခက်တယ် ဒါပေမယ့် ကိုယ်ရေးကိုယ်တာတွေကို ဘေးချိတ်ထားပြီးတော့ မမရဲ့ အလှကို သေသပ်စွာပြင်ဆင်ပေးခဲ့တယ် ... ... နောက်ဆုံးတော့ အောင်မြင်ခဲ့ပါတယ်၊ မမ သိပ်ကိုလှတယ်။

“ နှင်း ... ”
“ ဟော မောင်... လာပြီလား ”
ကျမ နှင်းဆီတွေကို မမဆံစကြားဖြည့်ရင်း အမျိုးသားတစ်ယောက်အသံကြားခဲ့တယ်၊ ပြီးတော့ ရေမွှေးနံ့လေးတစ်ခု... သိပ်ရင်းနှီးတဲ့ ရေမွှေးနံ့လေးပေါ့... အဲ့ဒီအမျိုးသားက မမကို နှင်းတဲ့၊ မမကလည်း သူ့ကိုမောင်လို့ဆိုပဲ ... သြော် ဒါဆို သတို့သားလောင်းပေါ့လို့ ကျမတွေးလိုက်မိတယ်၊ မမရဲ့ မောင့်ကို ပြုံးပြဖို့ ကျမ ရွယ်လိုက်တဲ့အချိန်မှာပဲ ...

ရပ်လုမတန့် ရင်ခုန်သံတွေ ... သတိဆိုတာပျောက်သွားပြီး နောက်ဆုံးတော့လည်း ကျမနှင်းဆီဆူး စူးတာပါပဲ...
“ မောင် ” ... လို့ ကျမ နှလုံးသားထဲကနေ အသံတိတ်ခေါ်လိုက်တယ်တယ်၊ မမရဲ့ သတို့သားလောင်းက... ကျမ ဇဝေဇ၀ါ ဖြစ်မိပေမယ့် ...သေချာပါတယ် သူကမောင်ပါပဲ... မောင့်ရဲ့ အပြုံးကို ကျမဒီနေ့ထိ မေ့မှမမေ့သေးတာ၊ ဒါပေမယ့် မောင်... မောင့်မျက်ဝန်းတွေက သိပ်စိမ်းနေတယ်၊ မောင် ကျမကို မှတ်မိမှာပါ ... ကျမဟာ တစ်ချိန်က သူ့ဇာတ်လမ်းထဲက မင်းသမီးပဲ၊ မောင့်မျက်ဝန်းတွေထဲမှာ စိုးရွံ့မှုတွေနဲ့ ... ချက်ချင်းအဓိပ္ပါယ်ဖော်လို့ မရပေမယ့် သေချာစဉ်းစားကြည့်ရင် မောင်စိုးရိမ်နေတာ ... သြော် မောင်ရယ် ... မမကို ကျမပြောပြလိုက်မှာ မောင်စိုးရိမ်နေတာမဟုတ်လား ... ...

ဘာတွေလဲကျမမသိတော့ဘူး၊ ကျမ အသက်မဲ့စွာမျက်တောင်တွေ ခတ်နေမိတယ် ... ချာချာလည်နေတဲ့ ဦးနှောက်ထဲမှာ ဘယ်လိုအဖြေမျိုးမှလည်း မရှိ၊ ရှုပ်ထွေးလာခဲ့တယ် ... အရမ်းပဲ၊ ဟိုအရင်နေ့က မျက်ရည်ပူတွေ ... ဒီနေ့ရဲ့မျက်ရည်ပူတွေဟာ ဗလောင်ဆူလို့ပွက်နေပြီ ... ဒါပေမယ့် တစ်လိမ့်ချင်းမလိမ့်ကျလာမှီမှာ ...

မင်္ဂလာတေး ... သတို့သားနဲ့ သတို့သမီး လက်ချင်းချိတ်ပြီး ထွက်လာခဲ့တယ်၊ သတို့သမီးက အချိန်တိုလေးတွင်းမှာ ကျမသံယောဇဉ်ဖြစ်မိတဲ့ မမ... သတို့သား ... သတို့သားက ကျမရဲ့ မောင်၊ မောင်ရယ် မသိချင်ယောင်ဆောင်နေပြီပေါ့... မမ၊ သူမကတော့ ဘာမှမသိ ကျေနပ်နေတဲ့ ခံစားမှုတွေနဲ့ပဲ တစ်ချိန်ချိန်မှာ မမ ကျမလိုပဲခံစားလာရမလား၊ ဒါမှမဟုတ် မောင်ဟာ မမကိုတကယ်ပဲချစ်တာလား ... ဖြတ်ခနဲဝင်လာတဲ့ အတွေးကြောင့် ကျမအရမ်းရယ်ချင်မိခဲ့တယ်၊ တစ်ချိန်က မောင့်ကိုရွဲ့ပြောခဲ့ဖူးတဲ့ ကျမရဲ့စကား ...

“ လှလေး ... မောင့်မင်္ဂလာဆောင်ကျရင် လက်ဖွဲ့ကြီးကြီးပေးရမယ်နော် ”
“ အမ် ... ပေးမှာပေါ့မောင်ရယ်၊ လှလေး နှင်းဆီပွင့်တစ်ပွင့်ပေးမယ်လေ... မောင်ကိုယ်တိုင် မောင့်ချစ်သူကို မင်္ဂလာပွဲမှာ ပန်ဆင်ပေးလိုက်ပေါ့၊ မောင့်ချစ်သူက နှင်းဆီပန်းချစ်မှာပါ... ”
“ အင်း... ကောင်းသားပဲ၊ အဲ့နေ့ကျရင် မောင့်သတို့သမီးလေးက ဘယ်မိန်းကလေးမှမမှီအောင် လှနေမှာသေချာတယ် ” ... ...

တစ်ချိန်ကစနောက်ခြင်းတဲ့လား ... ဘာလို့ ဒီနေ့မှာ အမှန်တရားတွေဖြစ်လာရတာလဲ ...
ကျမ ရင်ထဲမှာ ပွက်ပွက်ဆူနေတဲ့ နှလုံးသားတစ်ခု အသက်မဲ့စွာ ရယ်နေမိပြီ၊ အရင်ချိန်က မောင့်ကိုစနောက်ခဲ့တာ... ဒါပေမယ့် ခုတော့ ကျမကိုယ်တိုင် မောင့်သတို့သမီးလောင်းကို နှင်းဆီပွင့်ပေါင်းများစွာ ပန်ဆင်ပေးလိုက်ရပြီ ... လောကကြီးပေးတဲ့ ရက်စက်မှုတွေဟာ ကျမအပေါ်မှာ မကုန်သေးဘဲကို၊ နောက်ဆုံးတော့ ဒီမင်္ဂလာပွဲဟာ လူနှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကြား လူတစ်ယောက်အလူးအလဲ သေဆုံးခဲ့ရတဲ့ပွဲလေးပေါ့... ...

( ဆက်မည် ) ...

- မြတ်သွယ် -

သိနေပါတယ်

အလွမ်းတွေကြား
မျက်ရည်တွေ စက္ကန့်မခြားဘဲ
စီးဆင်းကာနေတယ်
ငါ ...
အရူးတစ်ယောက်လိုလဲ
ပြုံးနေမိသေးတယ်
ပြီးတော့
အတိတ်တွေကို ကျေနပ်နေပြီး
ခစ်ခစ်မြည်တဲ့ ရယ်သံတွေကလဲ
ထွက်လာခဲ့ပြန်တယ်
-----
ငါသိပါတယ်
ငါ့ ...
အသဲနှလုံးမှာ ခါးနေတယ်ဆိုတာ
ငါ ... သိပါတယ်။

၎.၃.၂၀၀၉ ( ဗုဒ္ဓဟူး )
သန်းခေါင်ယံ ၃ နာရီ ၅ မိနစ်

- မြတ်သွယ် -

မင်္ဂလာပါ

အဟမ်း ... ကိုယ့်ကိုယ်ကို ပြန်မိတ်ဆက်ပါရစေ၊ နာမည်က မြတ်သွယ်ပါ အရင်ကတော့ ပုလဲလုံးဆိုတဲ့ နာမည်နဲ့ “ မေးခွန်းများနဲ့ ရင်ခွင် ” ဆိုပြီး ဘလော့တစ်ခုရေးဖူးပါတယ်... ပုလဲမျက်သွယ်ဆိုပြီးတော့ ကြားဖူးတယ်လေ၊ အဲ့ဒါကြောင့် ပုလဲပေါ့နော်... အနောက်က လုံးဆိုတာကတော့ လူကိုရည်ညွှန်းတာပါရှင်...း) အဲ့ဒီဘလော့က အခုရှိနေသေးပေမယ့် ဒီဘလော့လေးက အတိတ်တွေအတွက်ပါ၊ ကြာလှတဲ့ အချိန်တွေမဟုတ်ပေမယ့် အတိတ်တွေအတွက်ပါပဲ... လူတိုင်းအတွက် မနက်ဖြန်ဆိုတာ မသေချာပါဘူး... ဒါပေမယ့် ထုံးစံအတိုင်းပေါ့... ရူးသွပ်စွာနဲ့ ဟိုးအဝေးကြီးကို တွေးနေမိတယ်...
အဲ့ဒါကြောင့် - မျှော်လင့်နေခြင်းတစ်ခုအတွက် မနက်ဖြန်တွေ သေချာစွာရှိနေပါစေ - လို့ဆုတောင်းမိပါတယ်၊
ဒါလေးကအပျိုးပေါ့နော်... ဒီအိမ်လေးဟာ ကျမရဲ့ခံစားချက်တွေဖြစ်လာမှာပါ၊ မည်သူ့ မည်သူကိုမှ ဘယ်လိုတန်ဘိုးရှိတာတွေ ပေးစွမ်းနိုင်မည်မဟုတ်... စဉ်းစားခဲ့ပါသေးတယ်၊ ဒီအိမ်လေးကို ရှင်သန်ခွင့်ပေးလို့ကောင်းပါ့မလားလို့ပေါ့... ဒါပေမယ့် ကျမမှာ ဒီအိမ်လေးကပဲ အဖော်အဖြစ်ရှိနေတော့မှာပါ၊ ဟီးးး လေးနက်လွန်သွားလားမသိ ... ...

ဟုတ်ကဲ့ ... ဒါပါပဲရှင်! နောက်ဆက်တွဲလေးတွေကတော့ အမှတ်တရ အတွက်တွေရယ်၊ အခုရဲ့ ခံစားချက်တွေရယ်... စသည်ဖြင့်ပေါ့နော်။
မင်္ဂလာပါရှင်...။ ။

၎.၃.၂၀၀၉ ( ဗုဒ္ဓဟူး )
သန်းခေါင်ယံ ၂ နာရီ ၂၃ မိနစ်
- မြတ်သွယ် -