Tuesday, March 3, 2009

နောက်ဆုံးတော့ ရတနာနှစ်ပါးသာ

( ၁ )
ဒိုင်ယာရီစာအုပ်ကို ဖွင့်လျက်ထားပြီး ကျမ... ကောင်းကင်ကြီးကိုမော့ကြည့်နေမိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ညသဘာဝ၊ ကောင်းကင်ကြီးက မှောင်နေတာပါပဲ၊ တိမ်တချို့ရဲ့အရောင်တွေက အနီရောင်သန်းနေတယ်၊ ကြယ်လေးတွေကတော့ မှိန်မှိန်လက်လက်နဲ့ပေါ့... ဒါပေမယ့် ဒီညက ငွေလမင်းမဲ့တဲ့ ည၊ မောင်သာဆို ဆေးလိပ်လေးဖွာ ပြတင်းပေါက်ဘေးရပ်ပြီး လမင်းကြီးကို ဟိုဒီရှာဖွေနေမှာပဲလို့ တွေးမိလိုက်တယ် သြော်... မောင်တဲ့လား ရင်တွင်းနစ်စို့မှုတွေက တိတ်ဆိတ်နေတဲ့ ကျမအခန်းထဲကနာရီသံထက် ပို၍ ကျယ်လောင်စွာ တံခါးလာခေါက်ခဲ့တယ်။

“ မေမေ... ”
“ ဟော သားလေး ... လာ သားလာ ”
ဘယ်အချိန်က လည်လာခဲ့မှန်းမသိတဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေကို သားလေးမမြင်အောင် ကျမအမြန်သုတ်ပြစ်လိုက်တယ်။
“ မေမေ... မေမေ ဝမ်းနည်းနေတာလားဟင် ”
သြော် ... ခပ်လေးလေး သက်ပြင်းလေးက အလိုလိုထွက်ကျလာတယ်၊ သားဟာ တကယ်ကို ပါးနပ်တဲ့ ကလေးပဲ၊ ဒါပေမယ့် ကျမ သားကို ညာခဲ့ရပြန်ပြီပေါ့ ... ...
“ မဟုတ်ပါဘူး သားရယ်... မေမေဘာမှမဖြစ်ပါဘူးကွယ်၊ သားကော ဘာလို့နိုးလာတာလဲ ”
“ သား ရေဆာလို့ပါ မေမေ ”
“ သြော်... သားရေဆာလို့လား ... လာ သားလာ မေမေ ခပ်တိုက်မယ် ”

ကလင်! ကလင်! ကလင်!
အမေ့ ဖုန်းသံကိုကြားလိုက်တော့ သားလေးက သူ့ဖာသာခပ်သောက်မယ် ဆိုတာကို လက်ဟန်ခြေဟန်နဲ့ ပြောပြခဲ့တယ်၊ အင်းးး ကျမ... ဒီသားလေးကို သံယောဇဉ်တွယ်မိတာ မမှားဘူးဆိုတာ နဂိုကထက် ပိုခိုင်မာလာပါတယ်လေ ... ...

“ ဟုတ်ကဲ့ လှလေးသွယ်ပါရှင် ”
“ လှလေး၊ ငါပါ ... စိမ်း ”
“ စိမ်း... နင်မအိပ်သေးဘူးလား ”
“ အေးဟာ၊ ငါလဲခုမှအပြင်က ပြန်ရောက်တာ...၊ နေဦး လှလေး၊ ငါ နင့်ကို ပြောစရာရှိလို့ဟ ”
“ အင်း ပြောလေစိမ်း ... ဘာပြောမှာလဲ ဒီချိန်ကြီး သရဲအကြောင်းတော့ ငါ့လာမပြောနဲ့နော် ... ငါကြောက်တယ်အေ ”
“ ဟဲ့ မိန်းမ... လာနောက်နေတယ်၊ ငါ အလုပ်ကိစ္စပြောမလို့ ”
“ ဟီးးး အေးပါဟာ ... ပြောပြော ”
“ ဒီလိုဟ ... မနက်ဖြန် ... ” ...
“ သြော် ... ရပါတယ်၊ ငါမနက်ဖြန် သားကိုကျောင်းပို့ပြီးရင် နင့်ဆီလာခဲ့လိုက်မယ်လေ ”
“ နိုး ... နင်မလာနဲ့ လှလေး၊ ငါလာခေါ်မယ်... သူ့အိမ်က နင့်ဆိုင်နဲ့ပိုနီးတယ် ”
“ အင်း ဒါဆိုလဲ နင်အဆင်ပြေသလိုလုပ်လေ၊ ဆိုင်ရောက်ခါနီးကျဖုန်းဆက်လိုက်ပေါ့... ငါ မနက်ဖြန် ဆိုင်မှာပဲရှိမယ် ”
“ ဒါဆို ဂွတ်နိုက်ဟာ၊ ငါလဲ အိပ်ချင်နေပြီ ”
“ အေးအေး စိမ်း၊ ကောင်းသောညလေးပါ ”

ဖုန်းသံအဆုံးမှာ ကျမ ဟူးးးခနဲ သက်ပြင်းချလိုက်တယ်... ဘာရယ်တော့မဟုတ် မောလာလို့ထင်ပါတယ်။ နောက်တော့မှ ရေးလက်စ ဒိုင်ယာရီစာအုပ်လေးပိတ်ပြီး အိပ်ယာဝင်ခဲ့လိုက်တယ်၊ မနက်ဖြန်ဆိုတာ ဒီနေ့ပြီးရင် ရှိလာစမြဲပဲလေ။

ငြိုငြင်ဟန် မမူပါနှင့် တိမ်လွှာရှင်၊
ကြယ်စင်ငယ်ကို အဖော်ရယ်ဖြင့်
ဤလူသားတွင် မရှိပါ၊
လမင်းကြီးနှယ် အေးချမ်းဆိုရိုး
ဤလူ့ နှလုံးသားသည်လည်း
ထုံးစံကယ် မရှိသေးချေ၊
မချိလေတဲ့ ရင်မှမိုးရေ
ပါးထက်သို့ လှိမ့်ကာစီးသည်မို့
ငြိုငြင်ဟန် မမူပါနှင့် တိမ်လွှာရှင်...
ဤလူ့မျက်ရည် မခမ်း
သင့်မိုးများ မရွာစမ်းပါနှင့်...။ ။

( ၂ )
ညဝေဒနာ ... လွန်စွာဆိုးတယ်၊ အိပ်မရခဲ့တဲ့ညတွေဆိုတာ ကျမအတွက် ရေတွက်မရတော့ဘူး... ဒါပေမယ့် ကျမဟာ အိမ်ရှင်မတစ်ယောက်၊ နံနက်စောစောထပြီး အိမ်ကသူတွေစားဖို့ပြင်ဆင်၊ သားလေးကို ကျောင်းသွားဖို့အိပ်ယာနိုး... ပြင်ဆင်ပေးပြီး လက်မလည်ခဲ့တာတော့ အမှန်ပဲ၊ ဒါပေမယ့် အနည်းဆုံးတော့ မနက်ဆိုတာ ညထက်သက်သာမှုပိုရှိပါတယ်လေ။

သားကိုကျောင်းပို့ပြီးတော့ ဆိုင်ကိုသွားခဲ့တယ်။ ဆိုင်ကို ဝန်းထမ်းတွေက ကျမထက် ဦးစွာရောက်နှင့်နေတယ်၊ ဆိုင်က ဝန်ထမ်းကောင်မလေးက ကော်ဖီသောက်မလားမေးတာကို ခေါင်းညိတ်ပြပြီးတာနဲ့ ဆိုင်ရဲ့ CLOSE ဆိုင်းဘုဒ်ကို OPEN ဘက်လှည့်လိုက်တယ်... အလွမ်းသစ်တွေဝေဦးမယ့် နောက်တစ်နေ့ပဲလား... ...
ကျမစားပွဲမှာ ကော်ဖီပူတစ်ခွက် ရောက်နှင့်နေပြီ၊ ကော်ဖီတဲ့လား... မောင်ဖျော်ပေးခဲ့တဲ့ တစ်ခွက်တည်းသော အဆိပ်ခတ်ထားတဲ့ ကော်ဖီလောက် ဘယ်ကော်ဖီက သောက်လို့ကောင်းမှာလဲ... အိုး... စောစောစီးစီးတွေးမိတဲ့ အတွေးတွေကို ခေါင်းရမ်းရင်းခါထုတ်ပြစ်လိုက်တယ်၊ ဒါပေမယ့် မရခဲ့ပါဘူး... ဆိုင်ကိုလာတဲ့ ဧည့်သည်တွေနားထောင်ဖို့ သီချင်းဖွင့်လိုက်မိကာမှ ဦးစွာထွက်လာတဲ့ သံစဉ်က “ အပြုံးတုရဲ့အမုန်း ” .။



“ ဟေး ... လှလေး ”
“ စိမ်း ... ရောက်ပြီလား၊ လာလာ ... ”
“ ဟူးးး ရာသီဥတုကလည်း ပူပါ့ဟာ ... မောလိုက်တာ ”
“ စိမ်း... နင်အအေးသောက်ဦးမလား ”
“ မသောက်တော့ပါဘူးဟာ၊ တော်ကြာနောက်ကျနေမယ် ... ငါတို့ သွားရအောင် လှလေး ”
--------
“ လှလေး ... အခုသတို့သမီးနာမည်က မြနှင်းတဲ့၊ ချောလဲချော လှလဲလှတယ် သိလား ”
“ ဟုတ်လား ... နာမည်လေးကတော့ လှတယ်နော်၊ လူကိုတော့ အိမ်ရောက်မှ အပီကြည့်တော့မယ်၊ ဒါနဲ့ သတို့သားကကော ”
“ ဒါတော့ သူက လျှိုထားတယ်ဟ၊ ငါ့ကို မင်္ဂလာဆောင်တဲ့ နေ့မှကြည့်တော့တဲ့ ”
“ ဟောတော် ... အဲ့လိုလား ”
“ အေးဟာ ... နာတယ်၊ ငါလဲကြိုမြင်ဖူးချင်တာပေါ့လို့ နော့် ”
“ ဟဟ ကောင်းတယ်၊ ဒါဆို မြနှင်းကတော်တော် တော်တာပဲ ”
“ ဟင်... ဘာလို့လဲ လှလေး ”
“ နင်စပ်စုလို့ မရတော့ဘူးပေါ့ ဟီးးး ”
“ မိန်းမ အေးပါ၊ နင်ပြောထားဦးပေါ့ ”
ကျမ သဘောကျစွာ စိမ်းကို စနောက်ခဲ့မိတယ်၊ ပြောမနာဆိုမနာ ဒီသူငယ်ချင်းလေးက ကျမအတွက်တော့ ရတနာလေးပါ။

( ၃ )
“ လာ ညီမလေးတို့ ... အိမ်ထဲဝင်ကြ ”
အေးမြတဲ့ အသံလေး ညင်ညင်သာသာနဲ့ အိမ်ထဲဖိတ်ခေါ်နေတယ်၊ မြနှင်းတဲ့လား... နွဲ့နွဲ့နှောင်းနှောင်းဟန်လေးနဲ့ ယဉ်လေသော အမျိုးသမီးတစ်ယောက်၊ အိညက်နေတဲ့ သူမအသားအရေ၊ မြင်သူစွဲလန်းစေမှာကတော့ သူမရဲ့ နူးညံ့ပျော့ပြောင်းနေတဲ့ ဆံစရှည်တွေ ... တစ်ဝက်သာစီးထားတော့ ကျန်တဲ့ဆံစတွေ ဝဲနေလိုက်ပုံများ၊ ဘယ်ဘုံက နတ်သမီးလဲလို့ ကျမ စိတ်ထဲကမေးခဲ့မိတယ် ... ...

“ ညီမလေး ... အိမ်ထဲဝင်ပါဦးကွယ့် ”
“ ရှင်... ဟုတ်... ဟုတ်ကဲ့ ... ”
သူမအလှမှာ ကျမမျောနေမိတော့ သူမက ထပ်ကာ ခေါ်ခဲ့တယ် ... အဲ့အချိန်မှာပဲ အပြုံးတစ်ခု၊ မမြနှင်းရယ် ... ယဉ်လေတဲ့ အပြုံးလေးပါလား။

“ အအေးသောက်လိုက်ပါဦး ညီမလေးတို့ရေ၊ မမကိုယ်တိုင် ကြိုဖျော်ထားတာ ... ဖရဲသီးဖျော်ရည်လေးလေ၊ ဈေးထဲသွားတော့ ဖရဲသီးတွေက အလုံးလဲကြီးတယ်၊ မြည်းကြည့်တော့လဲ ချိုနေတာနဲ့ ညီမလေးတို့လဲအိမ်လာမှာဆိုတော့ ဝယ်လာခဲ့လိုက်တာ၊ ညီမလေးတို့ ကြိုက်ကြရဲ့လား ... ”
“ လှလေးတို့နဲ့ကတော့ အံကိုက်ပါပဲ မမရေ၊ သူက ဖရဲသီးသရဲလေ ”
“ အယ်... စိမ်း နင်ပြောမှပဲ ငါကသရဲလုံးလုံးဖြစ်ပြီ ”
ခစ်ခစ် ... ...
စိမ်းနဲ့ ကျမ ပြောတာကို မမသဘောကျစွာ ရယ်လေသည့်အသံ၊ ကလေးတစ်ယောက်ရဲ့အသွင်တွေလည်း သူမမှာရှိနေပါလား၊ ဒါမှမဟုတ် မင်္ဂလာဆောင်ခါနီး မိန်းမသားတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကြောင့်ပဲလား... သေချာတာကတော့ ကျမ မမကို ငေးနေမိတာ အကြိမ်တွေထပ်လို့နေပြီ။

ဖျော်ရည်သောက်လို့ အပြီး၊ မမက သူမရဲ့အခန်းကို ဦးဆောင်ပြီးခေါ်သွားခဲ့တယ်၊ နှင်းဆီပန်းရနံ့တွေ ... ကျမမနှစ်သက်တဲ့ နှင်းဆီပန်းရဲ့ ရနံ့တွေ ...
မမအခန်းမှာပြည့်နေတယ်၊ သူမအခန်းရဲ့ ၀ရံတာမှာလည်း ဝေဆာနေလိုက်တဲ့ နှင်းဆီပန်းအိုးတွေ၊ မမမို့ ကျမသည်းခံခဲ့ပြီး သူမဆံစတွေကို စတင်ကိုင်တွယ်ခဲ့ပါတယ်၊ ပြီးတော့ ဒါဟာလည်း ကျမအလုပ်ပဲလေ... နှင်းဆီတွေကြောင့် မောင့်ကို သတိမရမိပါစေနှင့်လို့သာ စိတ်ထဲကနေ ဆုတောင်းနေခဲ့မိတော့တယ် ... ...

သူမရဲ့ ဆံစတွေဟာပျော့ပြောင်းကာ ဖြောင့်ဆင်းနေပြီး ကျက်သရေအလွန်ရှိလှတယ်၊ ဒီလိုဆံစရှည်တွေကို ကျမမောင့်ကြောင့် နှစ်သက်ခဲ့တယ် မြတ်နိုးခဲ့တယ် ဒါပေမယ့် ကျမကိုယ်တိုင်မြတ်နိုးလာတဲ့အချိန်မှာတော့ ကျမဖုံးကွယ်ထားလိုက်ရတာကို ကျမပြန်တွေးမိပြန်တယ် ... သြော် တွေးမိပြန်တဲ့ မောင့်အကြောင်း၊ နောက်တော့မှ စိမ်း ကယ်ပေလို့ပေါ့၊ ဖြတ်ခနဲမေးလာတဲ့ သူ့အမေးဟာ ကျမအတွေးတွေကို လွင့်ပျောက်စေခဲ့ပါတယ်...

“ မမ ... သတို့သားပုံလေးမပြဘူးလား မမရ ”
စပ်စုလေသော စိမ်း မနေနိုင်ပါဘူး၊ မမကို သတို့သားလောင်းလေးအကြောင်း မေးခဲ့ပြန်တာပဲ
“ ဟိုးဟိုး ... ငါ့ညီမလေး စိမ်းရယ် ... မင်္ဂလာဆောင်မယ့်နေ့က လိုမှမလိုတော့တာပဲကွယ်၊ အဲ့နေ့မှ မိတ်ဆက်ပေးမယ်လေ၊ မမမှာ ရှိစုမဲ့စုလေးမို့ပါကွယ် ဟီးးး ”
မမက ရင်းရင်းနှီးနှီး ခင်မင်မှုတွေကို အချိန်တိုလေးတွင်းမှာ ကျမကော စိမ်းကိုပါ ပေးစွမ်းနိုင်ခဲ့တယ်၊ ဒါဟာ ရိုးသားမှုတွေရဲ့ဆုံဆည်းခြင်းလားလို့ ကျမတွေးမိခဲ့တာအမှန်ပဲ... ...

“ မမ ပြီးသွားပြီ ”
“ ဟယ် ... ညီမလေး ... ဒါ မမ ဟုတ်ပါတယ်နော် ”
မမ၊ သူမက နှင်းဆီပန်းတွေချစ်တယ်။ မင်္ဂလာဆောင်တဲ့နေ့ကျ နှင်းဆီတွေသာ ပန်ဆင်မယ်လို့ပြောခဲ့တယ်... ဒါပေမယ့် ဒီနေ့တော့ ကျမ မမကို ကျမချစ်တဲ့ စံပယ်ပန်းတွေနဲ့ပဲ ဝေဆာနေအောင် ပန်ဆင်ပေးခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ ကျစ်ကျစ်လစ်လစ် ရစ်ပတ်လိုက်တဲ့ သူမဆံနွယ်တွေကြားမှာ စံပယ်လေးတွေ တစ်ပွင့်ချင်းစီကာ ရှင်းရှင်းလေးသာ ဆံထုံး ထုံးပေးခဲ့တယ်... ဒါဟာ ရှင်းသန့်ခြင်းတစ်ခု၊ အပိုတန်ဆာတွေမပါပေမယ့် သူမမျက်နှာရဲ့ လှပမှုဟာ ပြည့်စုံနေပါတယ်။

“ ငါ့ညီမလေးက တကယ်တော်တာပဲကွယ် ... မမရဲ့ မောင်တော်တောင် မှတ်မိပါ့မလား မသိတော့ဘူး ... ခစ်ခစ် ”
သူမ ဟက်ဟက်ပက်ပက်ရယ်ပြန်ပြီ။ ကလေးဆန်သူလေးလား... ကျမတောင် အလိုလို ခပ်အေးအေးတည်တည်မိန်းကလေးတစ်ယောက် ဖြစ်သွားသလို၊ ဒီလိုပဲ ... မှန်ရှေ့မှာ ရှေ့ကြည့်၊ နောက်ကြည့်လုပ်နေတဲ့ သူမဟာ ကျမအတွက်တော့ ကဗျာဆန်တဲ့ ပျော်ရွှင်ရိုးသားမှုတွေနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လို့နေခဲ့ပြီ။

( ၄ )
အချိန်တွေကုန်တာ မြန်တယ်ဆိုမလား၊ မနက်ဖြန်ဆိုလျှင်ပဲ မမလက်ထပ်တော့မယ်။ ကျမရင်တွေခုန်နေခဲ့တယ်၊ မနှစ်သက်တဲ့ နှင်းဆီပန်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ... ကျမရဲ့လက်တွေကကော နှင်းဆီတွေကို လက်ခံပါ့မလား... ဒါပေမယ့် မမရဲ့ အပြုံးလေး၊ အလုပ်လို့မှတ်ပြီးတော့သာပဲ ကျမလုပ်ဆောင်ရတော့မယ်၊
အိုး... ပြင်းလွန်းရှည်လွန်းတဲ့ သက်ပြင်းတွေချပြီး အတိတ်ခါးတွေ ရောက်မလာပါစေနဲ့ လို့ ကျမစိတ်ထဲကနေ အကြိမ်ကြိမ်ဆုတောင်းနေခဲ့မိတယ်... စာမျက်နှာအဟောင်းထဲက မျက်ရည်စက်တွေကခြောက်လို့သွားပေမယ့် အကွက်အရာလေးတွေကတော့ ကျန်နေခဲ့တာပဲလေ ... ...

နံနက်စောစောလေးပဲ ပစ္စည်းတွေကို စုံအောင်ပြင်ဆင်ပြီးတော့ ဘုရားခန်းထဲသွားပြီး ကျမ ဘုရားဝတ်ပြုခဲ့တယ် ... မမရဲ့ မင်္ဂလာရက်မြတ်လေးရောက်ခဲ့ပြီလေ၊ အရာရာအဆင်ပြေဖို့ ဆုမွန်ကောင်းတောင်းပြီး မမဆီကို ထွက်လာခဲ့လိုက်တယ်။ အားလုံးက အလုပ်တွေကိုယ်စီနဲ့... ကျမကတော့ မမရဲ့ အလှပြင်ဆင်မှုအပြီးသတ်ကိုစောင့်စားနေခဲ့တယ်... ပြီးလျှင် ကျမအလှည့်၊ ကျမဆံထုံး ထုံးပေးရတော့မယ်၊ နှင်းဆီတွေကိုင်ရခက်တယ် ဒါပေမယ့် ကိုယ်ရေးကိုယ်တာတွေကို ဘေးချိတ်ထားပြီးတော့ မမရဲ့ အလှကို သေသပ်စွာပြင်ဆင်ပေးခဲ့တယ် ... ... နောက်ဆုံးတော့ အောင်မြင်ခဲ့ပါတယ်၊ မမ သိပ်ကိုလှတယ်။

“ နှင်း ... ”
“ ဟော မောင်... လာပြီလား ”
ကျမ နှင်းဆီတွေကို မမဆံစကြားဖြည့်ရင်း အမျိုးသားတစ်ယောက်အသံကြားခဲ့တယ်၊ ပြီးတော့ ရေမွှေးနံ့လေးတစ်ခု... သိပ်ရင်းနှီးတဲ့ ရေမွှေးနံ့လေးပေါ့... အဲ့ဒီအမျိုးသားက မမကို နှင်းတဲ့၊ မမကလည်း သူ့ကိုမောင်လို့ဆိုပဲ ... သြော် ဒါဆို သတို့သားလောင်းပေါ့လို့ ကျမတွေးလိုက်မိတယ်၊ မမရဲ့ မောင့်ကို ပြုံးပြဖို့ ကျမ ရွယ်လိုက်တဲ့အချိန်မှာပဲ ...

ရပ်လုမတန့် ရင်ခုန်သံတွေ ... သတိဆိုတာပျောက်သွားပြီး နောက်ဆုံးတော့လည်း ကျမနှင်းဆီဆူး စူးတာပါပဲ...
“ မောင် ” ... လို့ ကျမ နှလုံးသားထဲကနေ အသံတိတ်ခေါ်လိုက်တယ်တယ်၊ မမရဲ့ သတို့သားလောင်းက... ကျမ ဇဝေဇ၀ါ ဖြစ်မိပေမယ့် ...သေချာပါတယ် သူကမောင်ပါပဲ... မောင့်ရဲ့ အပြုံးကို ကျမဒီနေ့ထိ မေ့မှမမေ့သေးတာ၊ ဒါပေမယ့် မောင်... မောင့်မျက်ဝန်းတွေက သိပ်စိမ်းနေတယ်၊ မောင် ကျမကို မှတ်မိမှာပါ ... ကျမဟာ တစ်ချိန်က သူ့ဇာတ်လမ်းထဲက မင်းသမီးပဲ၊ မောင့်မျက်ဝန်းတွေထဲမှာ စိုးရွံ့မှုတွေနဲ့ ... ချက်ချင်းအဓိပ္ပါယ်ဖော်လို့ မရပေမယ့် သေချာစဉ်းစားကြည့်ရင် မောင်စိုးရိမ်နေတာ ... သြော် မောင်ရယ် ... မမကို ကျမပြောပြလိုက်မှာ မောင်စိုးရိမ်နေတာမဟုတ်လား ... ...

ဘာတွေလဲကျမမသိတော့ဘူး၊ ကျမ အသက်မဲ့စွာမျက်တောင်တွေ ခတ်နေမိတယ် ... ချာချာလည်နေတဲ့ ဦးနှောက်ထဲမှာ ဘယ်လိုအဖြေမျိုးမှလည်း မရှိ၊ ရှုပ်ထွေးလာခဲ့တယ် ... အရမ်းပဲ၊ ဟိုအရင်နေ့က မျက်ရည်ပူတွေ ... ဒီနေ့ရဲ့မျက်ရည်ပူတွေဟာ ဗလောင်ဆူလို့ပွက်နေပြီ ... ဒါပေမယ့် တစ်လိမ့်ချင်းမလိမ့်ကျလာမှီမှာ ...

မင်္ဂလာတေး ... သတို့သားနဲ့ သတို့သမီး လက်ချင်းချိတ်ပြီး ထွက်လာခဲ့တယ်၊ သတို့သမီးက အချိန်တိုလေးတွင်းမှာ ကျမသံယောဇဉ်ဖြစ်မိတဲ့ မမ... သတို့သား ... သတို့သားက ကျမရဲ့ မောင်၊ မောင်ရယ် မသိချင်ယောင်ဆောင်နေပြီပေါ့... မမ၊ သူမကတော့ ဘာမှမသိ ကျေနပ်နေတဲ့ ခံစားမှုတွေနဲ့ပဲ တစ်ချိန်ချိန်မှာ မမ ကျမလိုပဲခံစားလာရမလား၊ ဒါမှမဟုတ် မောင်ဟာ မမကိုတကယ်ပဲချစ်တာလား ... ဖြတ်ခနဲဝင်လာတဲ့ အတွေးကြောင့် ကျမအရမ်းရယ်ချင်မိခဲ့တယ်၊ တစ်ချိန်က မောင့်ကိုရွဲ့ပြောခဲ့ဖူးတဲ့ ကျမရဲ့စကား ...

“ လှလေး ... မောင့်မင်္ဂလာဆောင်ကျရင် လက်ဖွဲ့ကြီးကြီးပေးရမယ်နော် ”
“ အမ် ... ပေးမှာပေါ့မောင်ရယ်၊ လှလေး နှင်းဆီပွင့်တစ်ပွင့်ပေးမယ်လေ... မောင်ကိုယ်တိုင် မောင့်ချစ်သူကို မင်္ဂလာပွဲမှာ ပန်ဆင်ပေးလိုက်ပေါ့၊ မောင့်ချစ်သူက နှင်းဆီပန်းချစ်မှာပါ... ”
“ အင်း... ကောင်းသားပဲ၊ အဲ့နေ့ကျရင် မောင့်သတို့သမီးလေးက ဘယ်မိန်းကလေးမှမမှီအောင် လှနေမှာသေချာတယ် ” ... ...

တစ်ချိန်ကစနောက်ခြင်းတဲ့လား ... ဘာလို့ ဒီနေ့မှာ အမှန်တရားတွေဖြစ်လာရတာလဲ ...
ကျမ ရင်ထဲမှာ ပွက်ပွက်ဆူနေတဲ့ နှလုံးသားတစ်ခု အသက်မဲ့စွာ ရယ်နေမိပြီ၊ အရင်ချိန်က မောင့်ကိုစနောက်ခဲ့တာ... ဒါပေမယ့် ခုတော့ ကျမကိုယ်တိုင် မောင့်သတို့သမီးလောင်းကို နှင်းဆီပွင့်ပေါင်းများစွာ ပန်ဆင်ပေးလိုက်ရပြီ ... လောကကြီးပေးတဲ့ ရက်စက်မှုတွေဟာ ကျမအပေါ်မှာ မကုန်သေးဘဲကို၊ နောက်ဆုံးတော့ ဒီမင်္ဂလာပွဲဟာ လူနှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကြား လူတစ်ယောက်အလူးအလဲ သေဆုံးခဲ့ရတဲ့ပွဲလေးပေါ့... ...

( ဆက်မည် ) ...

- မြတ်သွယ် -

3 comments:

Anonymous said...

ဖြစ်မှ ဖြစ်ရလေဗျာ။ ကျနော်ကြုံဖူးတာတော့ တခု၇ှိတယ်ဗျ သူ့နာမည်က ကိုကြည်မောင်တဲ့
ညီအမနှစ်ယောက်ကိုယူထားတာဗျ အမနဲ့သူက
အပြင်စီးပွားထွက်ရှာတယ် ညီမက အိမ်ထောင်
မှုနဲ့ ကလေးထိန်းတယ်။ အေးဆေးပဲဗျား ညီအမ
တွေ ချစ်လို့ခင်လို့ အဟီ ကျနော်တောင် အားကျမိသေးတယ်ဗျ။ တကယ်ရှိတာနော် မယုံ
မရှိနဲ့ ကျနော်ဆိုဘုရားမှာ အမြဲလို ဆုတောင်း
တယ် ဘ၀ဆက်တိုင်းဆက်တိုင်း ကျော်ဟိန်းမဖြစ်ရင် နေပါစေ ကိုကြည်မောင်
ဖြစ်ရင်တော်ပါပြီဆိုပြိးတော့ပေါ့။

Dream said...

အူးအူးအိန်က အဲ့လို အ လိုကြီးလို့ အရနည်းနေတာ
ဟဟဟ... စိတ်ချ အူးအိန်ရေ... ကျော်ဟိန်းလည်း ဖြစ်ဘူး.. ဟို.. ကိုကြည်မောင် ဆိုရင်တော့ဖြစ်ဖို့ များတယ်.. သိလား.. .. အဲ့ဒါတောင် မိန်းမနှစ်ယောက်နဲ့ ကိုကြည်မောင်ကိုပြောတာ မဟုတ်ဘူးနော်... ရေထဲရောင်း တဲ့ကိုကြည်မောင်ကို ပြောတာ... ဟိဟိ.. :P :P


တီတီပယဲရေ... အချက မက်မက် ကောင်းကောင်းပေးမလို့ကို သူက အဲ့လိုဟာသ လုပ်သွားလို့ ... ဟီးးး..

စာအရေးအသားအရမ်း ကောင်းတဲ့
တီတီပယဲ အတွက် ကော်ဖီ ထားခဲ့တယ်နော်..
ပူတုန်း သောက်လိုက်.. အာဝါးးးးးးးးးးးးးးးးးးးး
အာဝါးမပေးတာ ကြာလို့ အာဝါးးးးး မရပ်မနားကို ပေးသွားတယ်.. အဟီး.. မှန်ထဲ ပြန်ကြည့်ဦး..နော်
ပါးတွေ ချိုင့်ကုန်လားလို့.. :P

ကေမောင်ငြိမ်း said...

ကောင်းပါတယ်ဗျို့၊ လောလောဆယ် အကြမ်းလေးပဲ ဖတ်သွားသေးတယ်၊ ကွန်လည်း သိပ်မကောင်းသေးလို့၊ ကွန်ကောင်းမှ အချော ပြန်လာဖတ်ဦးမယ် :)