Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, June 19, 2009

အပြစ်တင်သံ

လှပမှုကို
အမှောင်ပြုတယ် ဆိုရအောင်
စီးကျရက်တဲ့ မျက်ရည်တွေကြောင့်
အမြင်ကွယ်ခဲ့တာ
မင်း သိလို့လား
ငါက အဖြူနဲ့အမည်းထက်
သက်တန့်ကို ပိုမြတ်နိုးတဲ့သူပါ

ကြားဖူးသလား
ချစ်သူတွေကြားက ဒဏ္ဍာရီတဲ့
မင်းပေးတဲ့
ခါးသက်သက် သံယောဇဉ်တွေလောက်
စံချိန်မှီပါ့မလား
ငါ- ငါသည်ထက် ငါခဲ့ရတယ်

ပျိုးသူ ပျိုးတဲ့ပန်းကို
ချိုးသူချိုးရက် မင်း
ခြွေတဲ့လက်မှာ ဆူးတော့ စူးဦးမှာပါ

ခရေပန်း- ဆူးမရှိဘူး ဘယ်သူပြောလဲ
နှလုံးသားတိုင်းကို
ပိုင်တယ်ဆိုရင် မင်း ဝင်ကြည့်လှည့်ပေါ့
ဝှက်ဖဲတစ်ချက် သေချာတွေ့လိမ့်မယ်
အဲ့ဒါ သူရဲ့ အမြစ်ပဲ

အယိုင်ယိုင်အလဲလဲ စိတ်တွေထဲမှာ
အစိုင်အခဲ တစ်ချို့ ပါသွားတတ်တယ်

အယုအယမဲ့သူကို
အနုအလှနဲ့ ဘယ်သူပြန်ဆက်ဆံနိုင်သလဲ
ပုစ္ဆာတွေမှာ
အဖြေမထွက်ခင်အထိပဲ
ညီမျှခြင်း ချရတာမဟုတ်ပါဘူး

ခွင့်ပြုပါ
ဟန့်တားမှုအသီးသီးက
စည်းချက်တွေကို မြိုသိပ်စေပေမယ့်
ဒီတစ်ညတော့
ငါ အပြစ်တင်ပါရစေ

ဘာကြောင့်လဲ ချစ်သူရယ်

Sunday, May 3, 2009

ချောတိုင် ချစ်သူ

လေပြင်းမုန်တိုင်းလား
ကံဆိုးမိုးမှောင်လား
တစစမဟုတ်ဘဲနဲ့
အရာရာဟာ
လွင့်ပျယ် ကုန်ဆုံးသွားလိုက်တာ
ဒီတစ်ည ငါမော့လိုက်တဲ့
ခွက်ထဲက အရည်တွေအတိုင်းပဲ..

ခပ်စပ်စပ်တွေးလိုက်ရင်
ငါ မမှားပါဘူး..
ဝဋ်ကြွေးသက်သက်ပဲ
ငါဟာ ပေးဆပ်နေသူမဟုတ်
ရယူလိုခြင်းလဲ မရှိသူ
နင်နဲ့ပက်သက်သမျှကို လွှတ်ချထားနိုင်ချင်သူ..

*တစ်သီတင်းလုံး မိုးခေါင်တယ်
ဗုံတီးလို့ပဲရွာရွာ ကြိုးဆွဲလို့ပဲရွာရွာ
သူတို့ကို ဈေးကောင်းနဲ့ပေးဝယ်နေရတယ်*
အဲ့ဒီအချိန်မှာ
ငါ့မျက်ရည်တွေ ဈေးပေါသွားခဲ့တာပေါ့..

ခဏတာဆိုတဲ့ ခံစားမှုတွေမှာ
နင်လဲအပါအဝင် ငါလဲအပါအဝင်..
ဒါပေမယ့်
မျှတမှု မရှိ တူညီခြင်းလဲ မရှိ
ငါ့အတွက် လွန်ဆန်ခြင်းမပြုနိုင်သလို
ငါ မရုန်းထွက်လိုဘူး..

အတိတ်တွေဆိုတာ
ကော်နဲ့ကပ်ထားသလား ထင်ရတယ်
ပေးလိုက်တဲ့ စကားသုံးလုံး..
တစစနဲ့ ငါ့အသဲနှလုံးလဲ
ဝဲစားသလို ဖြစ်လို့..

နင်ဟာ
ငါ့ကို ဒဏ်ရာတွေရစေသူပါ
နင်ဟာ
ငါ့ကို ခံနိုင်ရည်တွေပေးတဲ့ ဆရာပါ
နင်ဟာ
ငါ့ကို အက်ကွဲမှုနဲ့ကြမ်းတမ်းစေ သူပါ
နင်ဟာ
ငါတက်ရမယ့် ချောတိုင်ပါပဲ...။

- မြတ်သွယ် -

( * - *) ကိုပိုင်စာသားမဟုတ်ပါ။

Thursday, April 30, 2009

သက်တမ်းထဲက နေ့တစ်နေ့

ရာသီက နွေ
ဥသြသံကြားတာက နား
တိမ်ကွယ်နောက် ပုန်းလျှိုးအလင်းခင်းသူက လမင်း
ဒါ သက်တမ်းထဲက ညခင်းတစ်ခင်းပါပဲ..

ဖရိုဖရဲ ဖြစ်နေတာက
အနံ့ဆိုးတွေနဲ့ ခေါင်းပေါ်ပေါက်တဲ့ အမျှင်တွေ
ဒါပေမယ့်
သူတို့က သံယောဇဉ်လောက်တော့ မဆိုးဘူးပဲ..

ယိုင်နေတာ ခြေနှစ်ချောင်း
စွဲဆောင်နေတာက အမေခင်းပေးထားတဲ့ မွှေ့ယာကြီး
နောက်ဆုံးတော့
ဒီလူ ဘယ်ခံနိုင်ပါ့မလဲ..

စွန်လိုစိတ်တွေ ကောင်းကင်ပေါ်မှာ
လွင့်နေတယ်
ကိုင်ထားတာက ၁၇နှစ်ရဲ့ ဦးနှောက်နဲ့
ကြယ်ကြွေလဲ သူ ဆုမတောင်းဘူးဆိုပဲ..

လည်တိုင်မှာ စကားလုံးတွေမြုံထားတယ်
အာခေါင်မှာလဲ ခြစ်ကုတ်ရာတွေနဲ့
အဲ့ဒါ နှလုံးသားထဲမှာ
ကိန်းအောင်းနေတဲ့ လူတစ်ယောက်အတွက်တဲ့..
လေရှပ်သံတွေ
အရူး.. အရူး.. လို့ ပြောင်းမြည်ခဲ့တယ်

မျက်စိတွေ ကြောင်မြဲပဲ
ခန္ဓာကိုယ်ထဲမှာ ကော်ဖီရဲ့စွမ်းအားတွေ

ဇာတ်ကားနာမည်လိုပေါ့
သူက “ ဝါသနာခတ်တဲ့ လက် ”
သက်တမ်းထဲက တစ်နေ့ကို
ဒီစာမျက်နှာမှာ ဒီနေ့ပဲချရေးနေတယ်
မနက်ဖြန်ဆိုတာ မသေချာဘူးဆိုပဲ...။

- မြတ်သွယ် -

Sunday, April 26, 2009

အမှောင်သခင်

ကွန့်ဆိုကာ တီတာဖွဲ့ရအောင်
မတွန့်တိုစွာ ငါစောင့်ဆိုင်းတော့
မနှေးမမြန် သင်လာခဲ့ပြီ
မျှော်မိနေသော အမှောင်သခင်...

ကောင်းတစ်ခွင် ကြယ်စင်ငယ်ရယ်
မှေးတုတ်မှိတ်တုတ်
ပင်ယံထက် စိမ်းရွက်လွှာရယ်
လှုပ်ချည်တစ်လှည့် ငြိမ်ချည်တစ်ခါ
လေပြေသွဲ့သွဲ့မှာ
ဟန်ပါပါ ညီညီစည်းချက်နဲ့
ပျို့ဆံနွယ်များ က ရှာလို့ပေါ့

ပိုးစုန်းကြူးငယ် ချုံကြားလက်လက်
ရွှေဖားငယ်က တခုန်ခုန်
သာငွေလမင်း ဤညခင်းမှာ
အဝေးချစ်သူကို လွမ်းနေမိရာ
ပျိုမေ့ပါးမို့ မခို့တရို့နဲ့ သခင်ရယ်...

မချန်သက်အို လူသူငယ်
တန်းတူညီတူ အလင်းဖြာတယ်
ညချမ်းမှာပွင့် ပန်းတစ်ပွင့်
သွင်သွင်ပွင့်ဖက် ပြောင်းစေကာမူ
မှောင်ညချိန်ခါ...
သင်ပွင့်လေမှ တင့်တယ်ပါတယ်

အမှောင်သခင်ရယ်...
ချိန်ခါဟူသည် ရွေ့လျားမြဲမို့
နေ့နှင့်ညလဲ ကူးပြောင်းရပေါ့
နောက်ညချိန်သို့ ပျိုမှန်းမျှော်ပြီး
ဒီညချိန်ကို ပြုံးကာနှုတ်ဆက်
အေးချမ်းမှုအပေါင်း သရဖူးဆောင်းသူရေ...
ပျို့ချစ်သူလဲ သင့်ကိုမျှော်လေပြီ

မကြာတော့တဲ့ တစ်ထောင့်တစ်ည
ချစ်ရူးသူ ပျိုတို့နှစ်ဦး
မြေညီညီ ညချမ်းတစ်ခုမှာ
အမှောင်သခင့်အား
ချစ်ခြင်းသံစဉ်တွေ ဖွဲ့ဆိုပါ့မယ် သခင်ရယ်...။

- မြတ်သွယ် -

Monday, April 20, 2009

မျက်ရည်ကျစေမယ့် အဆိပ်ပန်း

ဘယ်အချိန်ကတွယ်လာတဲ့အမြစ်လဲ
နှလုံးသားမှာတွန်းထိုးမွန်းကြပ်
သဘာဝကရှင်သန်ခွင့်ပေးတာလား
ငါကိုယ်တိုင်ကပဲ ဆွဲမနှုတ်နိုင်တာလား ( အဆိပ်ပန်း၏ ရေးသားခြင်း )
တစ်ကယ်ဆို
သူက ငါ့ကို ရုန်းထွက်ခွင့်ပေးထားပြီးသားပဲ..

လူတိုင်းတော့အချစ်ပန်းကို ပွင့်စေချင်တာပါ
ဒါပေမယ့် ငါ့အတွက်
သွေးတစက်စက်ကျနေတဲ့ ရင်ခွင်က
မညှိုးမနွမ်းပဲပွင့်နေတဲ့ အဆိပ်ပန်းကပိုလှလို့နေတယ်
အဲ့ဒီပန်းက ညှို့ချက်ပြင်းပြင်းနဲ့
ငါ့ အသက်ကိုဆွဲချုပ်ထားတာ..

အဆိပ်ပန်းဆိုတာ ငါ့မျက်ရည်တွေနဲ့ရင်းပြီး
ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့်..
အဲ့ဒီပန်းပွင့်တဲ့နေ့က
မြေတစ်ခွင်က ပန်းပွင့်ဖက်တွေ အလိုလိုလေမှာလွင့်
သူပွင့်တဲ့နှလုံးသားမှာ ခစားလို့..
အဲ့ဒီပန်းက ဒီထက်ပိုရှုံးလို့မရတော့ဘူးလေ..

နှင်းဆီတွေ စံပယ်တွေကို
ကေသာထက်မှာ ဝင့်ကြွားစွာပန်ဆင်တတ်တဲ့
မိန်းမလှတစ်ယောက်က
နှလုံးသားထက်မှာ အဆိပ်ပန်းကို
ရဲရင့်စွာ ပန်ဆင်နိုင်မလား..
ငါ့အသက် ငါ့ခန္ဓာ ငါ့နှလုံးသားမှာတော့
အဆိပ်ပန်းကို ရဲဝံ့စွာပန်ဆင်လိုက်ပြီ

အဆိပ်ပန်းကို ပန်ဆင်ထားတဲ့
ငါ့ရဲ့လှပမှုအောက်
မြင်သူ မျက်ရည်ကျစေသတည်း...။

- မြတ်သွယ် -

Thursday, April 2, 2009

ချစ်ရဲခဲ့၍ ပွင့်ရဲရမည့် ပန်းတစ်ပွင့်

နွေညရဲ့ ပြတင်းဘေးမှာ
ငါ ထိုင်ငေးနေလိုက်တာ
ဟိုးအဝေးက လင်းလက်မှုတစ်ခုနဲ့
မင်းပုံရိပ်လေးပဲ ထင်လာပြီး
ပဲ့တင်ထပ်နေတဲ့ မင်းအသံကိုလည်း
ငါ့ရဲ့ရင်ခုန်သံတွေက ဒူးထောက်လို့ ...

မင်းရဲ့ ရက်စက်မှုတိုင်းကို
ငါ မမေ့နိုင်ခဲ့ဘူး ချစ်သူ
ဒဏ်ရာကိုပါ သေသပ်စွာမချုပ်မိခဲ့တော့
အတိတ်နဲ့အခုမှာ မင်းပြုတဲ့ စွချက်တိုင်း
သွေးချည်တွေ တစစပွင့်ထွက်လို့
ငါ့နှလုံးသား သဏ္ဍာန်မဲ့လို့သွားပြီ

လောကကြီးပေးတဲ့ လက်ဆောင်မှာ
အလွမ်းတွေ မျှော်လင့်ချက်တွေ
ငါ့အတွက် မရှိတော့ပါဘူး ချစ်သူ
ရောင့်ရဲမှုနဲ့ ပြည့်စုံနိုင်ဖို့ပဲ
ငါဟာ
ရေတစက် နေတခြည် လေတချက်နဲ့သာ
ပွင့်ရမယ့် ပန်းတစ်ပွင့်ပေါ့ ...

ချစ်ရဲခဲ့မတော့ ငါ ပွင့်ရဲရဦးမပေါ့ ချစ်သူရယ် ...။

- မြတ်သွယ် -

Tuesday, March 24, 2009

စံပယ်များဖြင့် စောင့်နေမည်

မိန်းခလေးရေ .........
နံနက်ဆည်းဆာချိန်
မနက်တစ်ခင်းရဲ့ လေကို
အဝသာရှုလိုက်စမ်းပါ
မင်းရှိတဲ့အရပ်ကို လန်းဆန်းဆဲ
ငါ့အလွမ်းတွေ ပါးလိုက်တယ်ကွာ

အလိုက်အထိုက်နဲ့ ရောက်လာတဲ့
ငါ့တို့ရဲ့ ဖူးစာဂေဟာ
မင်းလေးကတော့ ဘယ်သိပါ့မလဲ
ငါ့မှာတော့ နဖူးပေါ်လက်ခဲ
ညအချိန်တွေ အလူးအလဲနဲ့
တစ်ယောက်တည်းအချိန်တွေ ဆွေးကုန်ပြီကွ

တစ်ခါတစ်ခါတော့
ကောင်းကင်က တိမ်လွှာရှင်တွေကို
မင်းလက်နုနုလေးနဲ့ တို့လိုက်စမ်းပါ
မိန်းခလေးရယ် ...........
အဝေးတစ်နေရာကနေ
မင်းပေါ်ကို အနမ်းမိုးလေးတွေ
ငါ ရွာသွန်းချင်လို့ပါ

ငါဟာလိပ်မျိုးပါ မိန်းကလေး
မင်းနဲ့မအက်စပ်တဲ့ မေတ္တာတွေကို
မျှော်လင့်မနေတော့နဲ့ကွာ ............

ဒီနေရာမှာ စံပယ်ပန်းလေးတွေနဲ့
ငါ မင်းလေးကို စောင့်နေမယ်
ငါ့ရဲ့ ပန်ဆင်မှုတွေအောက်မှာ
မင်း အလှဆုံးဖြစ်နေစေရမယ်
ဆံနွယ်တွေကို ငါ့ရင်ဘတ်ကြီးဆီသာ
အပ်နှင်လိုက်ပါတော့ မိန်းခလေးရယ် ...........

( တံတိုင်း ) ရေးပေးတဲ့ ဦးဦးချွတ်ချွတ်ကဗျာလေးပါး)

Thursday, March 19, 2009

နှလုံးသားထဲက သွေးစွန်းပန်းချီ

အဖြူရောင် စာရွက်အချောမှာ
ခပ်ကြမ်းကြမ်း ခဲထိပ်ကလေးနဲ့
ခပ်ရေးရေး ဆွဲခြစ်လိုက်တယ်
သွေးထဲက အချစ်တွေ
တဖြည်းဖြည်း
အရောင်ထင်လာခဲ့လေရဲ့

မမေ့နိုင်တဲ့ မျက်ခုံးထူထူ
နက်မှောင်လေတဲ့ ဆံနွယ်သန့်သန့်
ထူထပ်ထပ် နှုတ်ခမ်းလွှာများရယ် ...
ငေးအမိမှာ ပြေးကြားမိတဲ့
အေးလေတဲ့ သင့်အသံ
လွမ်းမိတဲ့ ကျမရင်ခွင်ရဲ့အမှားပါပဲ

ပန်းချီချပ်ထဲက အသင်
နှလုံးသားရဲ့ အရှင်မည်လေတော့
ဝေလေဦးပေါ့ အလွမ်းတွေ
ကြွေလေဦးပေါ့ ပုလဲတွေ
ကြေလေဦးပေါ့ စံပယ်ရေ

ဓါးထက်ထက် အလက်လက်တွေ
ဒီနှလုံးသားမှာ ထပ်နေပေမယ့်
အရှင်စိုက်သရွေ့
ရင်ခွင်တံခါး မပိတ်ပါဘူး
ဓါးအလက်လက်တွေ ကုန်တဲ့နေ့
သင့်ပန်းချီရိပ် သင် မြင်ပါလိမ့်မယ်
သွေးစွန်းသော်လည်း သူလှနေလေရဲ့...။
---
၂၀.၃.၂၀၀၉ ( သောကြာနေ့ )
သန်းခေါင်ယံ ၁ နာရီ ၅၅ မိနစ်
---
- မြတ်သွယ် -

Thursday, March 12, 2009

ဝေပါဦးမည်

တရေးနိုးခဲ့ ညတစ်ည
ကုတင်အဝေး ပြတင်းနဘေး
ဝိုင်းစက်ပြီး အလင်းဖြာနေတဲ့
လမင်းကြောင့်
“ ချစ်သူခိုးကြည့်တဲ့ ည ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
အရူးတစ်ယောက်ပါ

တစ်ခါသာ ပေးဖူးတဲ့
အနမ်းမိုးတဲ့လား
မိုးဖွဲ မိုးသဲနေ့ညတွေမှာ
“ ချစ်သူလွမ်းလို့ ရွာတဲ့မိုး ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
ပိုလို့ ရူးတဲ့သူတစ်ယောက်ပေါ့

ဒါပေမယ့် ငါဟာ
နိုးနေတဲ့ အရူးတစ်ယောက်ပါ

အတိတ်တွေနဲ့တင်
ကျေနပ်လို့ ရတယ်ဆို
မျက်ရည်တွေ ဆက်ကျလိုက်ပါ့မယ်
ပွက်ပွက်ဆူလာတဲ့
အလွမ်းတွေကို မီးပိတ်ရင်း
အဖုံးပါ ပိတ်လိုက်ပါ့မယ်

မွန်းကြပ်လာမယ့် စိတ်ငွေ့တွေကို
ကြိုမတွေးဝံ့ပါဘူး
ဒါပေမယ့်
ချစ်ရသူတစ်ယောက်ရဲ့
မချစ်ခြင်းတွေကို သေချာပိုသိဖို့
အားအင်တွေ ငါ့မှာ လုံးဝမရှိဘူး

မြေကြီးပေါ်မှာ ဆက်ရပ်သ၍
အလွမ်းငွေ့တွေ ဝေဦးမပေါ့...။

၁၃.၃.၂၀၀၉ ( သောကြာနေ့ )
သန်းခေါင်ယံ ၃နာရီ ၂၉ မိနစ်

- မြတ်သွယ် -

Sunday, March 8, 2009

အရူးဆုတောင်း

ညနေဆည်းဆာချိန်ရယ်
အလွမ်းတွေကို အစဖော်လိုက်တာများ
ရင်ခုန်သံတွေရှုပ်ထွေးပြီး
မျက်ရည်တွေဝေ့
နောင်တပန်းတွေ ပွင့်ခဲ့တယ်

မြင်လှည့်ရင် ကြည့်လှည့်ပါ
လေပြေရယ် ...
အနေဝေးအောင်
ငါ ဖန်တီးခဲ့တာ
ရင်ခုန်ခြင်းမဟုတ်တဲ့ သက်သေပါ

ဒီလိုပဲ
နဖူးတွေ့ ဒူးတွေ့
အချစ်ရဲ့ အလေးခိုးခြင်းတွေဟာ
ငါ့ နှုတ်ခမ်းတွေ
မတွန့်တတ်တော့ အထိပါပဲ

ချစ်သူ ...
ကြယ်ကြွေညနဲ့ ကြုံခဲ့ရင်
လွဲတတ်တဲ့ ငါ့ဆုတောင်းတွေကြောင့်
နင် ငါ့ကိုမုန်းပါစေလို့
အရူးတစ်ယောက်လို ဆုတောင်းမိမှာပါ...။

၈.၃.၂၀၀၉ ( တနင်္ဂနွေ )
ည ၉ နာရီ ၁၆ မိနစ်

- မြတ်သွယ် -

Friday, March 6, 2009

မတိုက်တော့မယ့် လေပြေ

သင်ခန်းစာတွေ ရဖူးလို့
ရင်ခုန်သံတွေက
ပွင့်ချပ်နှစ်လွှာကို ပိတ်ဆို့ထားခဲ့တယ်
ဒီလိုပဲ ...
နှစ်ခါမရတတ်တဲ့ အခွင့်အရေး
နောက်တစ်ကြိမ်ရှိခဲ့လည်း
ငါ တိတ်ဆိတ်စွာပဲနေမှာပါ

ချစ်သူရယ် ...
တကယ်ဆို ငါဟာ နင်နဲ့မထိုက်
ဒါပေမယ့် နင်က
ငါ့လေပြေတွေပြောတဲ့ ယုံကြည်ချက်ပါ
ပိတ်ခဲ့တဲ့ ရင်ခွင်တံခါး
အလုံစေ့သွားခဲ့ပါပြီ
ငါ့လေပြေတွေက ထပ်တိုက်ဖို့မရှိတော့ပါဘူး

နုစိတ် ရူးစိတ်မှာ
ခံစားချက်တွေလွန်လို့
တည်ငြိမ်မှုတစ်ခု မွေးဖွားလာခဲ့ပါပြီ
ချစ်သူရယ်...။
-------
၇.၃.၂၀၀၉ ( စနေနေ့ )
သန်းခေါင်ယံ ၄ နာရီ ၉ မိနစ်
-
- မြတ်သွယ် -

Tuesday, March 3, 2009

သိနေပါတယ်

အလွမ်းတွေကြား
မျက်ရည်တွေ စက္ကန့်မခြားဘဲ
စီးဆင်းကာနေတယ်
ငါ ...
အရူးတစ်ယောက်လိုလဲ
ပြုံးနေမိသေးတယ်
ပြီးတော့
အတိတ်တွေကို ကျေနပ်နေပြီး
ခစ်ခစ်မြည်တဲ့ ရယ်သံတွေကလဲ
ထွက်လာခဲ့ပြန်တယ်
-----
ငါသိပါတယ်
ငါ့ ...
အသဲနှလုံးမှာ ခါးနေတယ်ဆိုတာ
ငါ ... သိပါတယ်။

၎.၃.၂၀၀၉ ( ဗုဒ္ဓဟူး )
သန်းခေါင်ယံ ၃ နာရီ ၅ မိနစ်

- မြတ်သွယ် -