Sunday, April 26, 2009

အမှောင်သခင်

ကွန့်ဆိုကာ တီတာဖွဲ့ရအောင်
မတွန့်တိုစွာ ငါစောင့်ဆိုင်းတော့
မနှေးမမြန် သင်လာခဲ့ပြီ
မျှော်မိနေသော အမှောင်သခင်...

ကောင်းတစ်ခွင် ကြယ်စင်ငယ်ရယ်
မှေးတုတ်မှိတ်တုတ်
ပင်ယံထက် စိမ်းရွက်လွှာရယ်
လှုပ်ချည်တစ်လှည့် ငြိမ်ချည်တစ်ခါ
လေပြေသွဲ့သွဲ့မှာ
ဟန်ပါပါ ညီညီစည်းချက်နဲ့
ပျို့ဆံနွယ်များ က ရှာလို့ပေါ့

ပိုးစုန်းကြူးငယ် ချုံကြားလက်လက်
ရွှေဖားငယ်က တခုန်ခုန်
သာငွေလမင်း ဤညခင်းမှာ
အဝေးချစ်သူကို လွမ်းနေမိရာ
ပျိုမေ့ပါးမို့ မခို့တရို့နဲ့ သခင်ရယ်...

မချန်သက်အို လူသူငယ်
တန်းတူညီတူ အလင်းဖြာတယ်
ညချမ်းမှာပွင့် ပန်းတစ်ပွင့်
သွင်သွင်ပွင့်ဖက် ပြောင်းစေကာမူ
မှောင်ညချိန်ခါ...
သင်ပွင့်လေမှ တင့်တယ်ပါတယ်

အမှောင်သခင်ရယ်...
ချိန်ခါဟူသည် ရွေ့လျားမြဲမို့
နေ့နှင့်ညလဲ ကူးပြောင်းရပေါ့
နောက်ညချိန်သို့ ပျိုမှန်းမျှော်ပြီး
ဒီညချိန်ကို ပြုံးကာနှုတ်ဆက်
အေးချမ်းမှုအပေါင်း သရဖူးဆောင်းသူရေ...
ပျို့ချစ်သူလဲ သင့်ကိုမျှော်လေပြီ

မကြာတော့တဲ့ တစ်ထောင့်တစ်ည
ချစ်ရူးသူ ပျိုတို့နှစ်ဦး
မြေညီညီ ညချမ်းတစ်ခုမှာ
အမှောင်သခင့်အား
ချစ်ခြင်းသံစဉ်တွေ ဖွဲ့ဆိုပါ့မယ် သခင်ရယ်...။

- မြတ်သွယ် -

6 comments:

မသက်ဇင် said...

မြတ်သွယ်လေးရေ
ကဗျာလေးလာဖတ်တယ်
သင်္ကြန်အက တွေ ပြီးသွားတော့
အားနေပြီပေါ့နော်
ပျော်ရွှင်ပါစေ

Welcome said...

ရင်နဲ့ ရေးတဲ့ ကဗျာလေးတွေ
မကြာမကြာ လာဖတ်ဖြစ်တယ်။
လေးစားတယ်။
အားပေးနေပါမယ်။

ခင်မင်လျက်

မီးတောက် said...

မကြာတော့တဲ့ တစ်ထောင့်တစ်ည
ချစ်ရူးသူ ပျိုတို့နှစ်ဦး
မြေညီညီ ညချမ်းတစ်ခုမှာ
အမှောင်သခင့်အား
ချစ်ခြင်းသံစဉ်တွေ ဖွဲ့ဆိုပါ့မယ် သခင်ရယ်...။

အဲဒီ အပိုဒ်လေးကို ပိုကြိုက်တယ် ...
စာသားတွေက ရေလည်မိုက်တယ်
ဆက်လက်ရေးသားနိုင်ပါစေ

Dream said...

သုံးနှုန်းထားတာလေးက တော်တော် ကောင်းတယ် တီတီပယဲ... ကဗျာက လန်းတယ်...

အာဝါးးးးးးးးးးး တီတီပယဲ

Anonymous said...

ကဗျာလေးက ဂန္ဓ၀င်ဆန်ဆန်နဲ့ သိပ်ကောင်းလှပါတယ်ဗျာ.. သုံးနှုံးထားတာလေးတွေက ရိုးရိုးလေးနဲ့ စာဖတ်သူကို ဆန်းသစ်စေလို့ ကျေးဇူးပါ

Anonymous said...

ဒီတခါ မနောက်ပဲ အတည်ပဲဖတ်သွားတယ်။
ကောင်းတယ် ခံစားလို့ရတယ်..။