Monday, April 20, 2009

မျက်ရည်ကျစေမယ့် အဆိပ်ပန်း

ဘယ်အချိန်ကတွယ်လာတဲ့အမြစ်လဲ
နှလုံးသားမှာတွန်းထိုးမွန်းကြပ်
သဘာဝကရှင်သန်ခွင့်ပေးတာလား
ငါကိုယ်တိုင်ကပဲ ဆွဲမနှုတ်နိုင်တာလား ( အဆိပ်ပန်း၏ ရေးသားခြင်း )
တစ်ကယ်ဆို
သူက ငါ့ကို ရုန်းထွက်ခွင့်ပေးထားပြီးသားပဲ..

လူတိုင်းတော့အချစ်ပန်းကို ပွင့်စေချင်တာပါ
ဒါပေမယ့် ငါ့အတွက်
သွေးတစက်စက်ကျနေတဲ့ ရင်ခွင်က
မညှိုးမနွမ်းပဲပွင့်နေတဲ့ အဆိပ်ပန်းကပိုလှလို့နေတယ်
အဲ့ဒီပန်းက ညှို့ချက်ပြင်းပြင်းနဲ့
ငါ့ အသက်ကိုဆွဲချုပ်ထားတာ..

အဆိပ်ပန်းဆိုတာ ငါ့မျက်ရည်တွေနဲ့ရင်းပြီး
ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့်..
အဲ့ဒီပန်းပွင့်တဲ့နေ့က
မြေတစ်ခွင်က ပန်းပွင့်ဖက်တွေ အလိုလိုလေမှာလွင့်
သူပွင့်တဲ့နှလုံးသားမှာ ခစားလို့..
အဲ့ဒီပန်းက ဒီထက်ပိုရှုံးလို့မရတော့ဘူးလေ..

နှင်းဆီတွေ စံပယ်တွေကို
ကေသာထက်မှာ ဝင့်ကြွားစွာပန်ဆင်တတ်တဲ့
မိန်းမလှတစ်ယောက်က
နှလုံးသားထက်မှာ အဆိပ်ပန်းကို
ရဲရင့်စွာ ပန်ဆင်နိုင်မလား..
ငါ့အသက် ငါ့ခန္ဓာ ငါ့နှလုံးသားမှာတော့
အဆိပ်ပန်းကို ရဲဝံ့စွာပန်ဆင်လိုက်ပြီ

အဆိပ်ပန်းကို ပန်ဆင်ထားတဲ့
ငါ့ရဲ့လှပမှုအောက်
မြင်သူ မျက်ရည်ကျစေသတည်း...။

- မြတ်သွယ် -

6 comments:

Dream said...

နှင်းဆီတွေ စံပယ်တွေကို
ကေသာထက်မှာ ဝင့်ကြွားစွာပန်ဆင်တတ်တဲ့
မိန်းမလှတစ်ယောက်က
နှလုံးသားထက်မှာ အဆိပ်ပန်းကို
ရဲရင့်စွာ ပန်ဆင်နိုင်မလား..
ငါ့အသက် ငါ့ခန္ဓာ ငါ့နှလုံးသားမှာတော့
အဆိပ်ပန်းကို ရဲဝံ့စွာပန်ဆင်လိုက်ပြီ

အဆိပ်ပန်းကို ပန်ဆင်ထားတဲ့
ငါ့ရဲ့လှပမှုအောက်
မြင်သူ မျက်ရည်ကျစေသတည်း...။

ကဗျာစာသားတွေက ထိတယ်.. တီတီပယဲ က အရမ်းတော်တာပဲ...

(မက်မက်ကတော့ မျက်ရည်ကျမှာစိုးလို့ မျက်စိမှိတ်ပြီး ကြည့်သွားတယ်..ခစ်ခစ်..)

မသက်ဇင် said...

ကေသွယ်လေးရယ်
အဆိပ်ပန်းတော့ မပန်ပါနဲ့ကွယ်
ကဗျာစပ်တတ်လိုက်တာ

Welcome said...

ကဗျာလေးဖတ်ပြီး
ကဗျာရေးဖွဲ့တာကို အများကြီး သင်ယူသွားတယ်။
အားပေးနေပါမယ်

ခင်မင်လျက်
ဝင်းဇော်

Anonymous said...

အဲဒီ အဆိပ်ပန်းကိုရေလဲလောင်း၊ ဓာတ်မြေသြဇာလဲထည့်၊ ပေါင်းသင်မြက်နုတ်ပေး
သွားတယ်။ မြန်မြန်ကြီးပြီး မြန်မြန် အဆိပ်မိ ပြီးတော့... မြန်မြန်ပဲ ....
စေတနာတွေပါနော်..။

ကဗျာဦး said...

ကဗျာတွေလှလိုက်တာညီမလေး
လင့်ပါရစေနော်

ဝေလေး said...

ညီမက ကဗျာရေးသိပ်တော်တာပဲ .....

အဆိပ်ပန်းကို ပန်ဆင်ထားတဲ့
ငါ့ရဲ့လှပမှုအောက်
မြင်သူ မျက်ရည်ကျစေသတည်း...။

တဲ့။ ဖွဲ့ထားတာလေးတွေလည်းလှတယ်...