Sunday, June 21, 2009

အိမ်ပြန်တော့မည်

နှုတ်ဆက်ချိန်တန် အိမ်ပြန်တော့မည်။

မောင်နှမအားလုံး ကျန်းမာပါစေကြောင်း ဦးစွာဆုတောင်း မင်္ဂလာပြုလိုက်ပါတယ်။( လိမ်မာတယ်ဟုတ် ဟီးးး )
ဘလော့လေးနဲ့ ဒုတိယအကြိမ် ထပ်မံခွဲခွာရပါတော့မယ်။ အရင်တစ်ခါကတော့ ကိုယ့်ရဲ့စိတ်ကြောင့် ရပ်နားလိုက်တာ၊ ခုတစ်ခါကတော့
အိမ်ပြန်တော့မှာမို့။ ဘလော့လေးမှာ စာရေးတာ အချိန်တွေတောင် ကြာလာပြီထင်တာ။ တကယ်တော့ ၁ နှစ်တောင်မပြည့်သေးဘူး။
တွယ်တာတာကတော့ မိုးလင်း၊ မျက်လုံးလေးနှစ်လုံးပွင့်တာနဲ့ ဘလော့ပေါ်တန်းရောက်တော့တာပဲ။ နောက်ဆိုရင်တော့ ဟာတာတာနဲ့
ဖြစ်နေတော့မှာ။ အပြင်မသွားဖြစ်တဲ့အပြင် ခုဆို မျက်စိနဲ့လည်စရာနေရာလေးတောင် ရှိတော့ဘူး။

ဒီဘလော့လေးကို ဖန်တီးဖြစ်လို့ ရလာတာ ပထမက ပျော်ရွှင်မှု၊ ကျေနပ်မှု။
အဘယ်ကြောင့်ဆိုသော် - ( ကြော်ငြာလေးဝင်ဦးမယ်နော့် ဟီးဟီး ဖြူဖြူကျော်သိန်းဆိုထားတဲ့ အဘယ်ကြောင့်ဆိုသော် English Version
Kelly Clarkson ဆိုထားတဲ့ Because of you သီချင်းလေးကို ခုတလောလောတော်တော်ကြိုက်နေတယ်။ ဟီးး ဘာမှလဲ ဆိုင်ဝူးနော်းD )
ခုနက ရေးတာပြန်ဆက်မည် ခစ်ခစ်။ ပျော်ရွှင်ကျေနပ်မှုရတယ်ဆိုတာ ကိုယ့်စိတ်ကြိုက်အနေနဲ့ Template လေးကို စိတ်ဝင်စားအောင် ပြုပြင် ပြင်ဆင်
နိုင်လို့။ မြတ်သွယ်ကတော့ အဖြူနဲ့ အမည်းဘဝကိုပဲ ရောက်သွားတော့ ဘလော့ကို တမင် Template မထားတော့တာ။ ကိုယ်ထားချင်တဲ့
ပစ္စည်းလေးတွေ ဥပမာ - နာရီ၊ သီချင်း၊ ဓါတ်ပုံ စသည်ဖြင့်လေးတွေလည်း တင်လို့ရသေး။ အဲ့ဒါလေးတွေကို အပြောင်းအလဲ လုပ်ရင်းတောင်
စိတ်ရွှင်စရာလေးတွေ ဖြစ်လာတယ်။
ဘလော့လေးကနေထပ်ရတာက မောင်နှမ၊ အပေါင်းအသင်း မိတ်ဆွေတွေ။ တစ်ယောက်နဲ့တစ်ယောက် လူချင်း တွေ့ဖူးချင်မှ တွေ့ဖူးမယ်။
နာမည်၊ သူတို့ရေးတဲ့ စာပေအနုပညာနဲ့ ရင်းနှီးသွားတာမျိုး။ ဒီခင်မင်မှုကို အဖြူထည်သက်သက်ပဲ။ အရင်ဘလော့နဲ့ စာတွေရေးတုန်းက
မောင်နှမတွေကို ကော်ဖီပို့လိုက်၊ ရေခဲမုန့်ပို့လိုက်၊ ကောင်းသောနေ့ညလေးပါ သွားပြောလိုက်၊ စလိုက်နောက်လိုက်နဲ့ တစ်ကယ်ပျော်ဖို့ကောင်းတယ်။

မြတ်သွယ် ဒီပညာရတဲ့ ဘလော့ လောကလေးကို ခင်တွယ်ပါတယ်။ ကိုယ်ကြုံရ ဆုံရတာတွေက ကိုယ်တွေ့မဟုတ်ပေမယ့် မှတ်သားစရာတွေရှိတယ်။
မြတ်သွယ်အတွက် ဒဏ်ရာမရှိဘူးလဲ မဟုတ်ဘူး။
တစ်ခါတစ်လေတော့ ခြေစုံလှမ်းမိတဲ့ ကမ်း၊ ပြန်လမ်း မရှိရလားလို့ နောင်တရမိတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အရင်ဘလော့က
ကဗျာတွေကို ပြန်ဖတ်ရင်း ကွန်မန့်လေးတွေပါ ပြန်ဖတ်ကြည့်တော့ တစ်ကိုယ်လုံး နွေးထွေးသွားတာပဲ။ မြတ်သွယ်ဘယ်လောက်ပဲ ဆွေးအောင်
ရေးပါစေဦး၊ မောင်နှမတွေထားခဲ့တဲ့ အရာလေးတွေက အပြုံးတစ်ခု ပွင့်စေတယ်။ နောက်ပြန်လှည့်ကြည့်မှ မူရင်းအဓိပါယ်ကို တစ်ကယ်သိသွားတယ်။
ကိုယ် စာတွေမရေး။ အိမ်တွမလည်လုပ်ဖြစ်တာကို အပြစ်တင်မိတယ်။ ဒါကလည်း လည်နေတဲ့ ကမ္ဘာလုံးကြီးထဲမှာ အလိုက်သင့်မလည်လိုက်မိလို့။

မြတ်သွယ်က အရေးထက် အတွေးသန်တယ်။ ခုနောက်ပိုင်းတော့ လူက တစ်ကိုယ်လုံးကော စိတ်တွေကောလေးလံနေတယ်။ အရာရာကို
အလုံပိတ်ထားလွန်းလို့။ ကိုယ်ပြောချင်တာ ရှိပေမယ့်၊ အမှန်တကယ်ပြောဖို့ကော လိုအပ်လို့လား ဆိုတဲ့ ဟန့်တားလိုက်တဲ့ စိတ်။
ကိုယ့်ကိုယ်ကို ကာကွယ်လွန်းရာလဲကျနေသလို။ မြတ်သွယ် အရာရာအပေါ်မှာ စိတ်ထားရ ကြပ်နေပြီ။ အဲ့ဒါကြောင့်လဲ ကဗျာတွေစာတွေ
မရေးဖြစ်တော့တာ။ ကိုယ်က တစ်ခုခုကို ပြောပြနေသလို ဖြစ်နေမှာစိုးတယ်။ ရန်ကုန်ပြန်ရောက်ရင်တော့ အင်တာနက်မသုံးတော့ဘူး ဆိုတော့
ပျောက်ကွယ်သင့်တဲ့ အရာတွေလဲ ပျောက်ကွယ်သွားမှာပါ။ ဒါပေမယ့် ပြီးဆုံးသွားမှာတော့ မဟုတ်ဘူး။

အဟဲ။ စိတ်ညစ်သွားပြီလား။ မောင်နှမတွေနဲ့တော့ အဆက်အသွယ် ပျက်သွားတော့မှာပဲ။ ပြန်ရောက်ရင် ကျောင်းကြီးနဲ့ လုံးလည် ချာလည်လိုက်တော့မယ်။
ကံမကုန်ရင် ဒီမောင်နှမတွေနဲ့ ပြန်ဆုံမယ်နော်။ လမ်းမှာတွေ့ရင် အကျယ်ကြီးတော့ လှမ်းခေါ်နဲ့။ လန့်တတ်လို့ ဟီးးး။ လန့်ရင်ယောင်တတ်တယ်။
ယောင်တတ်တယ်နဲ့ ပတ်သက်ပြီး တီခုပြောပြမယ်နော် ခွိခွိးD။ အရင် ၉ တန်းကျောင်းသူတုန်းက ယောင်ရင် ပွတ်သွပ်လို့ ယောင်တတ်တာ။
ဟီးးး။ အဲ့ဒါ အိမ်အပြန်ပေါ့နော်၊ ဘတ်စ်ကားပေါ်ကအဆင်း သူငယ်ချင်းကကားပေါ်ကနေ မပွတ်သွပ်ဆိုပြီး နောက်သွားသေးတယ်။ တော်သေးတာပေါ့။
ခိုင်းသင်းကြည်လို နာမည်မကြီးသွားလို့ ဟီးဟီး။ နောက်တော့ ပြောင်းရင်းပြောင်းရင်းနဲ့ ခုတော့ ပလုတ်တုတ်ဖြစ်သွားရော ခစ်ခစ် အဆိုတော်ရေ။ ဟီးဟီး
အဲ့ဒါကြောင့် အကျယ်ကြီး လှမ်းခေါ်နဲ့လို့ နော်နော်နော့်းD။

ခုရက်ပိုင်းအတွင်း မပြန်ဖြစ်သေးပေမယ့် ကွန်ပုတာကြီးကို ဘယ်တော့သိမ်းမယ်မှန်းမသိတော့ နှုတ်ဆက်ပို့စ်လေးကို ကြိုရေးလိုက်တာပါ။
တစ်အိမ်ချင်းလည်ပြီး နှုတ်ဆက်ဦးမယ်။ ဒီရူးတူးတူး ပေါတောတော ကောင်မလေးကို မေ့လောက်ပါဘူးနော်။ ဟုတ်တယ်ဟုတ်။းD

နောက်ဆုံးတော့ မောင်နှမအားလုံးကို သတိရနေမည်ဖြစ်ကြောင်း အကြောင်းကြားရင်း ကျန်းမာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Friday, June 19, 2009

အပြစ်တင်သံ

လှပမှုကို
အမှောင်ပြုတယ် ဆိုရအောင်
စီးကျရက်တဲ့ မျက်ရည်တွေကြောင့်
အမြင်ကွယ်ခဲ့တာ
မင်း သိလို့လား
ငါက အဖြူနဲ့အမည်းထက်
သက်တန့်ကို ပိုမြတ်နိုးတဲ့သူပါ

ကြားဖူးသလား
ချစ်သူတွေကြားက ဒဏ္ဍာရီတဲ့
မင်းပေးတဲ့
ခါးသက်သက် သံယောဇဉ်တွေလောက်
စံချိန်မှီပါ့မလား
ငါ- ငါသည်ထက် ငါခဲ့ရတယ်

ပျိုးသူ ပျိုးတဲ့ပန်းကို
ချိုးသူချိုးရက် မင်း
ခြွေတဲ့လက်မှာ ဆူးတော့ စူးဦးမှာပါ

ခရေပန်း- ဆူးမရှိဘူး ဘယ်သူပြောလဲ
နှလုံးသားတိုင်းကို
ပိုင်တယ်ဆိုရင် မင်း ဝင်ကြည့်လှည့်ပေါ့
ဝှက်ဖဲတစ်ချက် သေချာတွေ့လိမ့်မယ်
အဲ့ဒါ သူရဲ့ အမြစ်ပဲ

အယိုင်ယိုင်အလဲလဲ စိတ်တွေထဲမှာ
အစိုင်အခဲ တစ်ချို့ ပါသွားတတ်တယ်

အယုအယမဲ့သူကို
အနုအလှနဲ့ ဘယ်သူပြန်ဆက်ဆံနိုင်သလဲ
ပုစ္ဆာတွေမှာ
အဖြေမထွက်ခင်အထိပဲ
ညီမျှခြင်း ချရတာမဟုတ်ပါဘူး

ခွင့်ပြုပါ
ဟန့်တားမှုအသီးသီးက
စည်းချက်တွေကို မြိုသိပ်စေပေမယ့်
ဒီတစ်ညတော့
ငါ အပြစ်တင်ပါရစေ

ဘာကြောင့်လဲ ချစ်သူရယ်

Tuesday, June 16, 2009

ကျွန်မရဲ့ ဝါသနာ

ဦးဏှောက်နဲ့ စိတ်တစ်ခုရဲ့ စေညွှန်းချက်တွေတိုင်းမှာ စိတ်တစ်ခုရဲ့ စေလိုရာတွေကို အသားပေးဆောင်ရွက်ခြင်းနဲ့ နေသေားကျနေတဲ့ လူတစ်ယောက်။ စိတ်က လေလိုပါပဲဆို၊ မှန်မယ်လား။ ပုံသဏ္ဍာန်ကင်းမဲ့သလို လုပ်ဆောင်ချိန်ဆိုတာကလည်း အတိအကျရှိမနေတော့ စိတ်တစ်ခုလိုပဲ၊ ဘယ်အချိန်လှုပ်ရှားလာပြီး ဘယ်အချိန်မှာ ဘာတွေကို
ဦးဆောင်ပြီး ဘယ်လိုလုပ်စေမယ်ဆိုတာကို မသိသလိုမျိုး။

မဆုငယ်{လိပ်ပြာလေး} တက်-ဂ်-တဲ့ "ဝါသနာ" ဆိုတဲ့ တက်-ဂ် ပို့စ်လေးပါ။
တစ်သက်ဒီဘဝမှာ ခြေရာစုံအောင် မလျှောက်ဖူးတော့ အရောင်တွေနဲတယ်။ မျက်ဝန်းအိမ်ကျဉ်းတော့ အမြင်လည်း မကျယ်ဘူး။
( မျက်မှန်တပ်ရတာပဲ ကြည့် ဟီးးး ) ကမ္ဘာအကျယ်ကြီးထဲက စက်ဝိုင်းသေးသေးလေးထဲမှာပဲ လည်လည်ပတ်ပတ်ဖြစ်နေတဲ့ အသက်ရှိတုန်း၊ ဘဝပေး မိန်းမတစ်ယောက်။ သိတာတွေနဲတော့ ဝါသနာဆိုတာလဲ နဲပြန်တယ်။ အမြင်အာရုံအတွင်းကို စွဲကပ်လာတဲ့ အရာတစ်ခုအပေါ်မှာ စိတ်ရဲ့ ဆွဲခေါ်မှုကြောင့် မြတ်သွယ်အတွက် ဝါသနာဖြစ်သွားတယ်။ မြတ်သွယ်ရဲ့ စိတ်ကတော့ လူးလူးလွန့်လွန့်၊ ဟိုစပ်စပ် ဒီစပ်စပ်။ အဲ့ဒါကြောင့် ဝါသနာအရင်းခံပြီး ဘဝရဲ့ ဦးတည်ချက်ကဘာလဲ မေးလာရင် အဖြေမထွက်သေးတာ အခုထိ။

ငယ်ငယ်ကတည်းက ခုချိန်ထိ မပြောင်းလဲတာကတော့ ပုံဆွဲ၊ ပုံခြစ်။ နောက်တစ်ခုက ကြက်တောင်ရိုက်တဲ့ အားကစားတစ်မျိုးအပေါ်မှာလဲ စိတ်အားထက်သန်တယ်။ ဝါသနာရှင်လေးပါ။ အပေါ်ကို မြှောက်ပေးလေနှစ်သက်လေပဲ။ လူတည့်တည့် ကြက်တောင်ရောက်လာရင်တော့ ခြေမကိုင်မိ လက်မကိုင်မိ။ ( ဟီးးး အဲ့လိုတော်တာ )
မောင်နှမ သုံးယောက်စလုံးကလည်း ဆော့တတ်တော့ အတွဲလည်း ညီတယ်။ အခုဆို ချစ်မတွေပါ တိုးလာသေးတယ်။
( မမ၀ါဝါ : တွေ့ရင် ကြက်တောင်ဆော့မယ်နော်။ မမ၀ါဝါ က အလျှော့ပေးရမယ်။ ညလေးက ဝတော့ ဟိုဘက်ဒီဘက် လိုက်နိုင်မှာ ဟုတ်ဘူး ဟီးးးးD )
ဒီနှစ်မျိုးကတော့ ငယ်ငယ်ကတည်းကအစပျိုးလာတဲ့ စိတ်အားထက်သန်မှုတွေ။
၁၅ ၊ ၁၆ နှစ်၊ မလေးရောက်လာတော့ တစ်မျိုးတိုးလာပြန်တယ်။ အနုပညာပိုင်းဆိုင်ရာလေးတွေ။ အဆို၊ အက၊ အတီး၊ အရေး၊ အငို ( သဘောကတော့ မင်းတမီးချင့် ခွိခွိးD ရုပ်ရည်၊ခန္ဒာကိုယ်အချိုးအစားမှ အားမနာနော့်း( စိတ်ဝင်စားပေမယ့် မဖြစ်နိုင် )
အမှန်တော့ အဲ့ဒီဝါသနာက ကြီးသား။ ကိုယ့်ဖာသာ ဒါရိုက်တာလုပ်၊ အဆွေးခန်းရိုက်ရတာလဲ အမော။ မျက်ရည်ကလည်း လွယ်တော့ အဆင်ကိုပြေလို့။ ဒါပေမယ့် အခုတော့ မျက်ရည်ကိုညှစ်ထုတ်တောင် ထွက်တော့ဝူး။( အတဲမာတွားပြီ ဟီးးးးD )

နောက်တစ်မျိုးက ၇ ၊ ၈နှစ်အရွယ် ညီမလေးကို စိတ်ရှည်ရှည် စာသင်ပေးရင်းနဲ့ တိုးလာတဲ့ ဆရာမ ဝါသနာလေး။
( ဆက်ပြောဦးမှာ ပီးတေးဝူး ဟီးးး ) မိန်းမပီပီ မီးဖိုချောင်ဝင်တာလည်း ဝါသနာပါတယ်။
အကျွမ်းကျင်ဆုံးဟင်းက အာမနူး( အာလူးးD ) ဒီဝါသနာကြောင့်တော့ အသိတစ်ခုကတစ်ပြိုင်နက်တည်း ဝင်လာတယ်။
အမေ အသက်ရစပြုလာပြီ။ အသားငါး ကိုင်ရတဲ့ အလုပ်ဆိုတာ တစ်ကယ်တန်းကျ မလွယ်ဘူး။ မိသားစုက ၅ ယောက်ဆိုတော့ ဟင်းအရေအတွက်က များတယ်။ အမေ အသားငါး ကိုင်ရတာလဲ ပိုကြာတာပေါ့။ ကိုယ်တစ်ကယ် ကိုင်တွယ်ဖူးမှ သိလာတယ်။ အဆိုးဆုံးကတော့ ပုဇွန်သေးသေးလေးတွေ၊ ခေါင်းချိုးရတာကတာ မီသက်သာဝူး။ မီးဖိုချောင်အလုပ် မီးဖိုချောင်အလုပ်၊ လွယ်ဘူး။ မြတ်သွယ်တို့ အော်နေတာပဲ။ ဒါပေမယ့် ဟင်းတမယ် ချက်လို့ကျက်သွားပြီး မိသားစုစားတာကိုတွေ့တဲ့ ရသက ပြောမတတ်အောင် ကြည်နူးဖို့ကောင်းတယ်။( ဘယ်တော့မှ စပျင်းလာမလဲသာ မသိ ဟီးးးးD )

မုစိမွစိလေးတွေစုတဲ့ ဝါသနာလည်း ရှိသေးတယ်။ ဒါတောင် မုန့်ဖိုးမရှိတော့ ကိုယ့်ဖာသာကိုယ်မဝယ်ဖြစ်လို့။ အမေကလည်း မီကြိုက်ဝူး။ သိမ်းရပြုရ ခက်ကခက်ရဲ့တဲ့။ အိမ်မှာ အငယ်လည်းရှိတော့ သိပ်မဝယ်ရဲဘူး။ ကိုယ့်အတွက် အပျော်က သူ့အတွက် အန္တရာယ်ဖြစ်မှာလဲ စိုးရိမ်ရသေး။( ဟူးးး လွယ်ဘူး မုန့်ဖိုးစသုံးရရင်တော့ လာထားပဲ ဟဲဟဲ၊ တိုးတိုးနော် မေမေ သိလို့မဖြစ် ခွိခွိးD )
စာဖတ်တဲ့ဝါသနာကတော့ မကြီးဘူး။ ( ဗဟုသုတ ရမှာစိုးလို့တဲ့၊ အမေပြောတာ၊ ဒီသမီးကြောင့် အမေစိတ်ညစ်ရတာလည်းကြာပြီးD ) ခုနောက်ပိုင်း ဘလော့ပေါ်ရောက်လာမှ စာတွေစဖတ်ဖြစ်တာ။
နောက်တစ်ခုက အိမ်ဆောက်တာ။ အင်တာနက် ကလေးဆိုဒ်မှာလဲ အခန်းဖွဲ့သလို အသုံးမလိုတဲ့
သီတင်းစာ စာရွက်တွေစုပြီး ကိုယ့်ဖာသာ ဖြတ်ညှပ်လုပ်၊ ဟိုကပ်ဒီကပ်၊ စိတ်ရှည်ရှည် နဲ့ အခန်းဖွဲ့ဖူးတယ်။ ကိုယ်လိုချင်တဲ့ ပုံဖော်ပြီး ရသလိုဆောက်တယ်။ အခန်းတစ်ခန်းတော့ဖြစ်လာတာပဲ။ အစ်မနှစ်ယောက်ကိုပြလိုက်တော့မှ ဟီးးး ရေအိမ်နဲ့ ဝရံတာက ဘေးချင်းကပ်နေလို့ အစ်မနှစ်ယောက်က လေကောင်းလေသန်းရမယ့် အခန်းပဲတဲ့။( တိန် ရှက်ရှက် ဟီးးး ) စူပါဂလူး၊ ဂလူးတွေဆို မြတ်သွယ်အဲ့လို သုံးတာနဲ့တင်ကုန်လို့ အမေဆူတာ ခံရနေမြဲ။ ဒါပေမယ့် ဝါသနာကိုး။( ဟီးဟီး ကိုယ့်ကိုယ်ကိုမို့ပြောတာဟုတ်ဘူး၊ အခန်းက မိုက်မှမိုက်၊ အိမ်ဆောက်ပြီး ပစ္စည်းတွေနေရချချင်တဲ့သူရှိရင်ပြောနော် ရေအိမ်နဲ့ ဝရံတာကိုတော့ တာဝန်ယူဘူး ဟီးးးးD )

ရေးရင်းရေးရင်းနဲ့ စုံနေတာပဲ။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ ပက်သက်ပြီး အလုပ်လုပ်ဖြစ်တယ်ဆိုရင်တော့ ကောင်းမယ်။
ဒီးကနေ့တော့ ဝ ဒီးလောက်ပဲ ပြောဒေါ့မယ်။ ( ခေါက်ချင်စရာလေသံနော်းD )

သတိတရတက်-ဂ်-ပေးတဲ့ မမဆုငယ်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ မဟုတ်လို့ကတော့ မြတ်သွယ်က ဘာမှရေးဖြစ်ဦးမှာမဟုတ်။ နောက်ဆုံးတော့ မောင်နှမအားလုံး ကျန်းမာကြပါစေလို့ ဆန္ဒပြုရင်း


Sunday, May 3, 2009

ချောတိုင် ချစ်သူ

လေပြင်းမုန်တိုင်းလား
ကံဆိုးမိုးမှောင်လား
တစစမဟုတ်ဘဲနဲ့
အရာရာဟာ
လွင့်ပျယ် ကုန်ဆုံးသွားလိုက်တာ
ဒီတစ်ည ငါမော့လိုက်တဲ့
ခွက်ထဲက အရည်တွေအတိုင်းပဲ..

ခပ်စပ်စပ်တွေးလိုက်ရင်
ငါ မမှားပါဘူး..
ဝဋ်ကြွေးသက်သက်ပဲ
ငါဟာ ပေးဆပ်နေသူမဟုတ်
ရယူလိုခြင်းလဲ မရှိသူ
နင်နဲ့ပက်သက်သမျှကို လွှတ်ချထားနိုင်ချင်သူ..

*တစ်သီတင်းလုံး မိုးခေါင်တယ်
ဗုံတီးလို့ပဲရွာရွာ ကြိုးဆွဲလို့ပဲရွာရွာ
သူတို့ကို ဈေးကောင်းနဲ့ပေးဝယ်နေရတယ်*
အဲ့ဒီအချိန်မှာ
ငါ့မျက်ရည်တွေ ဈေးပေါသွားခဲ့တာပေါ့..

ခဏတာဆိုတဲ့ ခံစားမှုတွေမှာ
နင်လဲအပါအဝင် ငါလဲအပါအဝင်..
ဒါပေမယ့်
မျှတမှု မရှိ တူညီခြင်းလဲ မရှိ
ငါ့အတွက် လွန်ဆန်ခြင်းမပြုနိုင်သလို
ငါ မရုန်းထွက်လိုဘူး..

အတိတ်တွေဆိုတာ
ကော်နဲ့ကပ်ထားသလား ထင်ရတယ်
ပေးလိုက်တဲ့ စကားသုံးလုံး..
တစစနဲ့ ငါ့အသဲနှလုံးလဲ
ဝဲစားသလို ဖြစ်လို့..

နင်ဟာ
ငါ့ကို ဒဏ်ရာတွေရစေသူပါ
နင်ဟာ
ငါ့ကို ခံနိုင်ရည်တွေပေးတဲ့ ဆရာပါ
နင်ဟာ
ငါ့ကို အက်ကွဲမှုနဲ့ကြမ်းတမ်းစေ သူပါ
နင်ဟာ
ငါတက်ရမယ့် ချောတိုင်ပါပဲ...။

- မြတ်သွယ် -

( * - *) ကိုပိုင်စာသားမဟုတ်ပါ။

Thursday, April 30, 2009

သက်တမ်းထဲက နေ့တစ်နေ့

ရာသီက နွေ
ဥသြသံကြားတာက နား
တိမ်ကွယ်နောက် ပုန်းလျှိုးအလင်းခင်းသူက လမင်း
ဒါ သက်တမ်းထဲက ညခင်းတစ်ခင်းပါပဲ..

ဖရိုဖရဲ ဖြစ်နေတာက
အနံ့ဆိုးတွေနဲ့ ခေါင်းပေါ်ပေါက်တဲ့ အမျှင်တွေ
ဒါပေမယ့်
သူတို့က သံယောဇဉ်လောက်တော့ မဆိုးဘူးပဲ..

ယိုင်နေတာ ခြေနှစ်ချောင်း
စွဲဆောင်နေတာက အမေခင်းပေးထားတဲ့ မွှေ့ယာကြီး
နောက်ဆုံးတော့
ဒီလူ ဘယ်ခံနိုင်ပါ့မလဲ..

စွန်လိုစိတ်တွေ ကောင်းကင်ပေါ်မှာ
လွင့်နေတယ်
ကိုင်ထားတာက ၁၇နှစ်ရဲ့ ဦးနှောက်နဲ့
ကြယ်ကြွေလဲ သူ ဆုမတောင်းဘူးဆိုပဲ..

လည်တိုင်မှာ စကားလုံးတွေမြုံထားတယ်
အာခေါင်မှာလဲ ခြစ်ကုတ်ရာတွေနဲ့
အဲ့ဒါ နှလုံးသားထဲမှာ
ကိန်းအောင်းနေတဲ့ လူတစ်ယောက်အတွက်တဲ့..
လေရှပ်သံတွေ
အရူး.. အရူး.. လို့ ပြောင်းမြည်ခဲ့တယ်

မျက်စိတွေ ကြောင်မြဲပဲ
ခန္ဓာကိုယ်ထဲမှာ ကော်ဖီရဲ့စွမ်းအားတွေ

ဇာတ်ကားနာမည်လိုပေါ့
သူက “ ဝါသနာခတ်တဲ့ လက် ”
သက်တမ်းထဲက တစ်နေ့ကို
ဒီစာမျက်နှာမှာ ဒီနေ့ပဲချရေးနေတယ်
မနက်ဖြန်ဆိုတာ မသေချာဘူးဆိုပဲ...။

- မြတ်သွယ် -

Sunday, April 26, 2009

အမှောင်သခင်

ကွန့်ဆိုကာ တီတာဖွဲ့ရအောင်
မတွန့်တိုစွာ ငါစောင့်ဆိုင်းတော့
မနှေးမမြန် သင်လာခဲ့ပြီ
မျှော်မိနေသော အမှောင်သခင်...

ကောင်းတစ်ခွင် ကြယ်စင်ငယ်ရယ်
မှေးတုတ်မှိတ်တုတ်
ပင်ယံထက် စိမ်းရွက်လွှာရယ်
လှုပ်ချည်တစ်လှည့် ငြိမ်ချည်တစ်ခါ
လေပြေသွဲ့သွဲ့မှာ
ဟန်ပါပါ ညီညီစည်းချက်နဲ့
ပျို့ဆံနွယ်များ က ရှာလို့ပေါ့

ပိုးစုန်းကြူးငယ် ချုံကြားလက်လက်
ရွှေဖားငယ်က တခုန်ခုန်
သာငွေလမင်း ဤညခင်းမှာ
အဝေးချစ်သူကို လွမ်းနေမိရာ
ပျိုမေ့ပါးမို့ မခို့တရို့နဲ့ သခင်ရယ်...

မချန်သက်အို လူသူငယ်
တန်းတူညီတူ အလင်းဖြာတယ်
ညချမ်းမှာပွင့် ပန်းတစ်ပွင့်
သွင်သွင်ပွင့်ဖက် ပြောင်းစေကာမူ
မှောင်ညချိန်ခါ...
သင်ပွင့်လေမှ တင့်တယ်ပါတယ်

အမှောင်သခင်ရယ်...
ချိန်ခါဟူသည် ရွေ့လျားမြဲမို့
နေ့နှင့်ညလဲ ကူးပြောင်းရပေါ့
နောက်ညချိန်သို့ ပျိုမှန်းမျှော်ပြီး
ဒီညချိန်ကို ပြုံးကာနှုတ်ဆက်
အေးချမ်းမှုအပေါင်း သရဖူးဆောင်းသူရေ...
ပျို့ချစ်သူလဲ သင့်ကိုမျှော်လေပြီ

မကြာတော့တဲ့ တစ်ထောင့်တစ်ည
ချစ်ရူးသူ ပျိုတို့နှစ်ဦး
မြေညီညီ ညချမ်းတစ်ခုမှာ
အမှောင်သခင့်အား
ချစ်ခြင်းသံစဉ်တွေ ဖွဲ့ဆိုပါ့မယ် သခင်ရယ်...။

- မြတ်သွယ် -

Monday, April 20, 2009

မျက်ရည်ကျစေမယ့် အဆိပ်ပန်း

ဘယ်အချိန်ကတွယ်လာတဲ့အမြစ်လဲ
နှလုံးသားမှာတွန်းထိုးမွန်းကြပ်
သဘာဝကရှင်သန်ခွင့်ပေးတာလား
ငါကိုယ်တိုင်ကပဲ ဆွဲမနှုတ်နိုင်တာလား ( အဆိပ်ပန်း၏ ရေးသားခြင်း )
တစ်ကယ်ဆို
သူက ငါ့ကို ရုန်းထွက်ခွင့်ပေးထားပြီးသားပဲ..

လူတိုင်းတော့အချစ်ပန်းကို ပွင့်စေချင်တာပါ
ဒါပေမယ့် ငါ့အတွက်
သွေးတစက်စက်ကျနေတဲ့ ရင်ခွင်က
မညှိုးမနွမ်းပဲပွင့်နေတဲ့ အဆိပ်ပန်းကပိုလှလို့နေတယ်
အဲ့ဒီပန်းက ညှို့ချက်ပြင်းပြင်းနဲ့
ငါ့ အသက်ကိုဆွဲချုပ်ထားတာ..

အဆိပ်ပန်းဆိုတာ ငါ့မျက်ရည်တွေနဲ့ရင်းပြီး
ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့်..
အဲ့ဒီပန်းပွင့်တဲ့နေ့က
မြေတစ်ခွင်က ပန်းပွင့်ဖက်တွေ အလိုလိုလေမှာလွင့်
သူပွင့်တဲ့နှလုံးသားမှာ ခစားလို့..
အဲ့ဒီပန်းက ဒီထက်ပိုရှုံးလို့မရတော့ဘူးလေ..

နှင်းဆီတွေ စံပယ်တွေကို
ကေသာထက်မှာ ဝင့်ကြွားစွာပန်ဆင်တတ်တဲ့
မိန်းမလှတစ်ယောက်က
နှလုံးသားထက်မှာ အဆိပ်ပန်းကို
ရဲရင့်စွာ ပန်ဆင်နိုင်မလား..
ငါ့အသက် ငါ့ခန္ဓာ ငါ့နှလုံးသားမှာတော့
အဆိပ်ပန်းကို ရဲဝံ့စွာပန်ဆင်လိုက်ပြီ

အဆိပ်ပန်းကို ပန်ဆင်ထားတဲ့
ငါ့ရဲ့လှပမှုအောက်
မြင်သူ မျက်ရည်ကျစေသတည်း...။

- မြတ်သွယ် -