Friday, June 19, 2009

အပြစ်တင်သံ

လှပမှုကို
အမှောင်ပြုတယ် ဆိုရအောင်
စီးကျရက်တဲ့ မျက်ရည်တွေကြောင့်
အမြင်ကွယ်ခဲ့တာ
မင်း သိလို့လား
ငါက အဖြူနဲ့အမည်းထက်
သက်တန့်ကို ပိုမြတ်နိုးတဲ့သူပါ

ကြားဖူးသလား
ချစ်သူတွေကြားက ဒဏ္ဍာရီတဲ့
မင်းပေးတဲ့
ခါးသက်သက် သံယောဇဉ်တွေလောက်
စံချိန်မှီပါ့မလား
ငါ- ငါသည်ထက် ငါခဲ့ရတယ်

ပျိုးသူ ပျိုးတဲ့ပန်းကို
ချိုးသူချိုးရက် မင်း
ခြွေတဲ့လက်မှာ ဆူးတော့ စူးဦးမှာပါ

ခရေပန်း- ဆူးမရှိဘူး ဘယ်သူပြောလဲ
နှလုံးသားတိုင်းကို
ပိုင်တယ်ဆိုရင် မင်း ဝင်ကြည့်လှည့်ပေါ့
ဝှက်ဖဲတစ်ချက် သေချာတွေ့လိမ့်မယ်
အဲ့ဒါ သူရဲ့ အမြစ်ပဲ

အယိုင်ယိုင်အလဲလဲ စိတ်တွေထဲမှာ
အစိုင်အခဲ တစ်ချို့ ပါသွားတတ်တယ်

အယုအယမဲ့သူကို
အနုအလှနဲ့ ဘယ်သူပြန်ဆက်ဆံနိုင်သလဲ
ပုစ္ဆာတွေမှာ
အဖြေမထွက်ခင်အထိပဲ
ညီမျှခြင်း ချရတာမဟုတ်ပါဘူး

ခွင့်ပြုပါ
ဟန့်တားမှုအသီးသီးက
စည်းချက်တွေကို မြိုသိပ်စေပေမယ့်
ဒီတစ်ညတော့
ငါ အပြစ်တင်ပါရစေ

ဘာကြောင့်လဲ ချစ်သူရယ်

3 comments:

သက်ထွန်းညိမ်း said...

ဘာကြောင့်လဲ ?

နားခိုရာ said...

ကြိုက်တွားပီ ကဗျာလေးကို
တိုးတက်လာတယ် လိုက်မမှီတော့ဘူး
တခါတခါ ပျောက်တွားတာ ဒီလိုကဗျာကောင်းလေးထွက်အောင် အချိန်ရော အရှိန်ရောယူနေတာထင်တယ်....
လုပ်ဟ ချစ်ညရေ

Anonymous said...

လိုက်လို့ကို မမှီဘူးဗျာ... နောက်ဆုံးမှာ အမေးနဲ့ နီ၈ွုံးချုပ်သွားတော့ စဉ်းစားစရာပါပဲ။