Sunday, June 21, 2009

အိမ်ပြန်တော့မည်

နှုတ်ဆက်ချိန်တန် အိမ်ပြန်တော့မည်။

မောင်နှမအားလုံး ကျန်းမာပါစေကြောင်း ဦးစွာဆုတောင်း မင်္ဂလာပြုလိုက်ပါတယ်။( လိမ်မာတယ်ဟုတ် ဟီးးး )
ဘလော့လေးနဲ့ ဒုတိယအကြိမ် ထပ်မံခွဲခွာရပါတော့မယ်။ အရင်တစ်ခါကတော့ ကိုယ့်ရဲ့စိတ်ကြောင့် ရပ်နားလိုက်တာ၊ ခုတစ်ခါကတော့
အိမ်ပြန်တော့မှာမို့။ ဘလော့လေးမှာ စာရေးတာ အချိန်တွေတောင် ကြာလာပြီထင်တာ။ တကယ်တော့ ၁ နှစ်တောင်မပြည့်သေးဘူး။
တွယ်တာတာကတော့ မိုးလင်း၊ မျက်လုံးလေးနှစ်လုံးပွင့်တာနဲ့ ဘလော့ပေါ်တန်းရောက်တော့တာပဲ။ နောက်ဆိုရင်တော့ ဟာတာတာနဲ့
ဖြစ်နေတော့မှာ။ အပြင်မသွားဖြစ်တဲ့အပြင် ခုဆို မျက်စိနဲ့လည်စရာနေရာလေးတောင် ရှိတော့ဘူး။

ဒီဘလော့လေးကို ဖန်တီးဖြစ်လို့ ရလာတာ ပထမက ပျော်ရွှင်မှု၊ ကျေနပ်မှု။
အဘယ်ကြောင့်ဆိုသော် - ( ကြော်ငြာလေးဝင်ဦးမယ်နော့် ဟီးဟီး ဖြူဖြူကျော်သိန်းဆိုထားတဲ့ အဘယ်ကြောင့်ဆိုသော် English Version
Kelly Clarkson ဆိုထားတဲ့ Because of you သီချင်းလေးကို ခုတလောလောတော်တော်ကြိုက်နေတယ်။ ဟီးး ဘာမှလဲ ဆိုင်ဝူးနော်းD )
ခုနက ရေးတာပြန်ဆက်မည် ခစ်ခစ်။ ပျော်ရွှင်ကျေနပ်မှုရတယ်ဆိုတာ ကိုယ့်စိတ်ကြိုက်အနေနဲ့ Template လေးကို စိတ်ဝင်စားအောင် ပြုပြင် ပြင်ဆင်
နိုင်လို့။ မြတ်သွယ်ကတော့ အဖြူနဲ့ အမည်းဘဝကိုပဲ ရောက်သွားတော့ ဘလော့ကို တမင် Template မထားတော့တာ။ ကိုယ်ထားချင်တဲ့
ပစ္စည်းလေးတွေ ဥပမာ - နာရီ၊ သီချင်း၊ ဓါတ်ပုံ စသည်ဖြင့်လေးတွေလည်း တင်လို့ရသေး။ အဲ့ဒါလေးတွေကို အပြောင်းအလဲ လုပ်ရင်းတောင်
စိတ်ရွှင်စရာလေးတွေ ဖြစ်လာတယ်။
ဘလော့လေးကနေထပ်ရတာက မောင်နှမ၊ အပေါင်းအသင်း မိတ်ဆွေတွေ။ တစ်ယောက်နဲ့တစ်ယောက် လူချင်း တွေ့ဖူးချင်မှ တွေ့ဖူးမယ်။
နာမည်၊ သူတို့ရေးတဲ့ စာပေအနုပညာနဲ့ ရင်းနှီးသွားတာမျိုး။ ဒီခင်မင်မှုကို အဖြူထည်သက်သက်ပဲ။ အရင်ဘလော့နဲ့ စာတွေရေးတုန်းက
မောင်နှမတွေကို ကော်ဖီပို့လိုက်၊ ရေခဲမုန့်ပို့လိုက်၊ ကောင်းသောနေ့ညလေးပါ သွားပြောလိုက်၊ စလိုက်နောက်လိုက်နဲ့ တစ်ကယ်ပျော်ဖို့ကောင်းတယ်။

မြတ်သွယ် ဒီပညာရတဲ့ ဘလော့ လောကလေးကို ခင်တွယ်ပါတယ်။ ကိုယ်ကြုံရ ဆုံရတာတွေက ကိုယ်တွေ့မဟုတ်ပေမယ့် မှတ်သားစရာတွေရှိတယ်။
မြတ်သွယ်အတွက် ဒဏ်ရာမရှိဘူးလဲ မဟုတ်ဘူး။
တစ်ခါတစ်လေတော့ ခြေစုံလှမ်းမိတဲ့ ကမ်း၊ ပြန်လမ်း မရှိရလားလို့ နောင်တရမိတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အရင်ဘလော့က
ကဗျာတွေကို ပြန်ဖတ်ရင်း ကွန်မန့်လေးတွေပါ ပြန်ဖတ်ကြည့်တော့ တစ်ကိုယ်လုံး နွေးထွေးသွားတာပဲ။ မြတ်သွယ်ဘယ်လောက်ပဲ ဆွေးအောင်
ရေးပါစေဦး၊ မောင်နှမတွေထားခဲ့တဲ့ အရာလေးတွေက အပြုံးတစ်ခု ပွင့်စေတယ်။ နောက်ပြန်လှည့်ကြည့်မှ မူရင်းအဓိပါယ်ကို တစ်ကယ်သိသွားတယ်။
ကိုယ် စာတွေမရေး။ အိမ်တွမလည်လုပ်ဖြစ်တာကို အပြစ်တင်မိတယ်။ ဒါကလည်း လည်နေတဲ့ ကမ္ဘာလုံးကြီးထဲမှာ အလိုက်သင့်မလည်လိုက်မိလို့။

မြတ်သွယ်က အရေးထက် အတွေးသန်တယ်။ ခုနောက်ပိုင်းတော့ လူက တစ်ကိုယ်လုံးကော စိတ်တွေကောလေးလံနေတယ်။ အရာရာကို
အလုံပိတ်ထားလွန်းလို့။ ကိုယ်ပြောချင်တာ ရှိပေမယ့်၊ အမှန်တကယ်ပြောဖို့ကော လိုအပ်လို့လား ဆိုတဲ့ ဟန့်တားလိုက်တဲ့ စိတ်။
ကိုယ့်ကိုယ်ကို ကာကွယ်လွန်းရာလဲကျနေသလို။ မြတ်သွယ် အရာရာအပေါ်မှာ စိတ်ထားရ ကြပ်နေပြီ။ အဲ့ဒါကြောင့်လဲ ကဗျာတွေစာတွေ
မရေးဖြစ်တော့တာ။ ကိုယ်က တစ်ခုခုကို ပြောပြနေသလို ဖြစ်နေမှာစိုးတယ်။ ရန်ကုန်ပြန်ရောက်ရင်တော့ အင်တာနက်မသုံးတော့ဘူး ဆိုတော့
ပျောက်ကွယ်သင့်တဲ့ အရာတွေလဲ ပျောက်ကွယ်သွားမှာပါ။ ဒါပေမယ့် ပြီးဆုံးသွားမှာတော့ မဟုတ်ဘူး။

အဟဲ။ စိတ်ညစ်သွားပြီလား။ မောင်နှမတွေနဲ့တော့ အဆက်အသွယ် ပျက်သွားတော့မှာပဲ။ ပြန်ရောက်ရင် ကျောင်းကြီးနဲ့ လုံးလည် ချာလည်လိုက်တော့မယ်။
ကံမကုန်ရင် ဒီမောင်နှမတွေနဲ့ ပြန်ဆုံမယ်နော်။ လမ်းမှာတွေ့ရင် အကျယ်ကြီးတော့ လှမ်းခေါ်နဲ့။ လန့်တတ်လို့ ဟီးးး။ လန့်ရင်ယောင်တတ်တယ်။
ယောင်တတ်တယ်နဲ့ ပတ်သက်ပြီး တီခုပြောပြမယ်နော် ခွိခွိးD။ အရင် ၉ တန်းကျောင်းသူတုန်းက ယောင်ရင် ပွတ်သွပ်လို့ ယောင်တတ်တာ။
ဟီးးး။ အဲ့ဒါ အိမ်အပြန်ပေါ့နော်၊ ဘတ်စ်ကားပေါ်ကအဆင်း သူငယ်ချင်းကကားပေါ်ကနေ မပွတ်သွပ်ဆိုပြီး နောက်သွားသေးတယ်။ တော်သေးတာပေါ့။
ခိုင်းသင်းကြည်လို နာမည်မကြီးသွားလို့ ဟီးဟီး။ နောက်တော့ ပြောင်းရင်းပြောင်းရင်းနဲ့ ခုတော့ ပလုတ်တုတ်ဖြစ်သွားရော ခစ်ခစ် အဆိုတော်ရေ။ ဟီးဟီး
အဲ့ဒါကြောင့် အကျယ်ကြီး လှမ်းခေါ်နဲ့လို့ နော်နော်နော့်းD။

ခုရက်ပိုင်းအတွင်း မပြန်ဖြစ်သေးပေမယ့် ကွန်ပုတာကြီးကို ဘယ်တော့သိမ်းမယ်မှန်းမသိတော့ နှုတ်ဆက်ပို့စ်လေးကို ကြိုရေးလိုက်တာပါ။
တစ်အိမ်ချင်းလည်ပြီး နှုတ်ဆက်ဦးမယ်။ ဒီရူးတူးတူး ပေါတောတော ကောင်မလေးကို မေ့လောက်ပါဘူးနော်။ ဟုတ်တယ်ဟုတ်။းD

နောက်ဆုံးတော့ မောင်နှမအားလုံးကို သတိရနေမည်ဖြစ်ကြောင်း အကြောင်းကြားရင်း ကျန်းမာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

9 comments:

Dr Phyo Wai Kyaw said...

ညီမလေး အရာအားလုံးမှာ ဆိုးကွက်တွေချည်းပဲရှိတာမဟုတ်ဘူး
ကောင်းကွက်လေးတွေရှာကြည့်နော်။

အတော်တော်ပြီး လိမ်မာတဲ့ မိန်းကလေးပါ
ကုသိုလ်များများလုပ်

WWKM said...

ညီမလေးပုလဲလုံးရေ...

ညီမလေးကတော်တယ်..ချစ်စရာကောင်းပြီးလိမ္မာတယ်.
မမက ညီမလေးကို တကယ်ချစ်ခင်မိခဲ့တာနော်.. လွမ်း
စရာလေးတွေဖြစ်ကုန်ပြီသိလား.. နောင်နှစ်တန်ဆောင်
တိုင်ပွဲမှာ ညီမလေးလည်းမရှိတော့ဘူး..ညီမလေးအစ်ကိုကြီး မောင်သီဟလည်း ကိုယ်ရောင်ဖျောက်နေတော့ ပျော်စရာကောင်းတော့မှာ
မဟုတ်ဖူးနော်.. ညီမလေးကို မမအမြဲသတိရမိနေမှာပါ
ကွယ်.. မြန်မာပြည်ရောက်ရင် လာလည်နော်.ဆုံကြ
မယ်.. ဆင်းဖော်ယူရောက်တိုင်းလည်း ညီမလေးကို
သတိရမိနေတာလေ..

ညီမလေးကျန်းမာပျော်ရွှင်နိုင်ပါစေ.

ချစ်တဲ့

မမ၀ါ

ဖြိုးဝေတိုး said...

ညီမငယ် ပျှော်ရွှင်စွာနဲ့ အမိမြေကို ပြန်ရောက်နိုင်ပါစေကွယ်။

ကံမကုန်ရင်ပြန်ဆုံတွေ့မှာပါ။

ခင်လျှက်

ဝေလေး said...

ညီမလေးရေ
သတိရနေတော့မှာပဲ။
ကဗျာအရေးကောင်းတဲ့ညီမလေး......
လမ်းမှာတွေ့ရင် ခေါ်ပါ ပြောပါ နှုတ်ဆက်ပါနော့...... :)
အကျယ်ကြီးတော့ အော်မခေါ်တတ်ပါဘူး... ကွက်ကြည့်ကွက်ကြည့်လုပ်ရုံလောက်ပဲ...... :P

မသက်ဇင် said...

မြတ်သွယ်လေးရေ
ပြန်တော့မှာလား
ကျောင်းတက်တော့မယ်ပေါ့
စာကြိုးစားနော်
၂၀၁၀ ဖေဖော်ဝါရီမှာပြန်လာမယ်
လျှောက်လည်ကြမယ်လေ
ပုဂံလိုက်မလား
နေဝင်ချိန်မှာ နှင်းဆီခင်းထဲလျှောက်ကြည့်မယ်
အစစအရာရာ အဆင်ပြေပါစေ
ချစ်ခင်လျက်

Anonymous said...

ရွာပြန်လာရင် ရွာထိပ်က ညောင်ပင်ကြီးမှာ သပြေခက်တွေနဲ့ အကြိုက်ဆက်ပါနော်..
ရွာကျမှ အေးဆေး တခြားဘလော့ဂါတွေနဲ့ အတူ ဆုံကြတာပေါ့

Anonymous said...

ညီမရေ ခုမှလာနှုတ်ဆက် မိတာခွင့်လွှတ်။ လူ့လောကကြီးထဲမှာတွေ့လာကတည်းက ခွဲဖို့ပါပဲလေ ။ ကောင်းသော ခွဲခွာခြင်းဖြစ်ဖို့သာ အရေးကြီးပါတယ် ။ ညီမလေးရဲ့ ခွဲခွာခြင်းမှာ ရန်ညှိုးတွေမပါဘူး ၊ မနာလိုမုန်းတီးမှုတွေမပါဘူး ၊ အရောင်ဆိုးထားတဲ့ စိတ်ဓါတ်အပုတ်အသိုးတွေမပါဘူး ။ ငါ့ညီမက ပုလဲဆိုတဲ့အတိုင်း တော်တော်ဖြူဖြူစင်စင် လိလိမ္မာမ္မာ နေခဲ့တာပါ ။ အဆင်ပြေချောမွေ့သော ဘဝလမ်းကိုလျှောက်လှမ်းနိုင်ပါစေ ညီမရေ။

Unknown said...

ဘဝဆို တာ.. အိပ်မက်တစ်ခုပါ....
အိပ်မက်တွေထဲမှာ....
ဖြစ်ခြင်တာတွေ ဖြစ်ပါစေ...
ပြောခြင်တာတွေ ပြောလိုက်ပါလေ...
အိပ်မက်ဆိုတော့.. မက်လို့ပြီးရင် ပြီးသွားမှာပါလေ...
အိပ်မက်တွေထဲမှာ....ထာဝရ ပျော်ရွင်ပါစေ ညီမလေးရေ..
(အပြင်မှာတွေ့ပြီး ပလုပ်တုတ်လေး လို့ခေါ်ခြင်ပါသေးတယ်)

Dream said...

တီတီပယဲ...လွမ်းနေမှာ...း(

ရန်ကုန်ရောက်ရင် တွေ့ဆုံကြမယ်နော်။
အဲဒီအခါကြရင် ဆက်သွယ်မယ်။

လမ်းမှာမတော်တဆ တွေ့ခဲ့ရင်လဲ ခေါ်နော်။
မက်မက်က မျက်စိရှမ်းတော့ မမြင်မိမှာ စိုးလို့။
တီတီပယဲကို တွေ့ရင်တော့ အာဝါးးအကြီးကြီးပေးပြီး
ကော်ဖီတိုက်ခိုင်းမှာ။

အကျယ်ကြီးတော့ လှမ်းမအော်ခေါ်ဘူးနော်။ လက်တို့ပြီး အနားမှာ လာနမ်းပစ်လိုက်မှာ။ အဟီးးး
အဲံဒါဆို မက်မက်လို့သိ။

အာဝါးးးးးးးးးးးးးးးတီတီပယဲရေ။

ကံမကုန်ခင် ပြန်ဆုံတွေ့ကြတာပေါ့ တီတီ။
ဘလော့မှာ ခင်မိပြီး တကယ့်ညီအစ်မ အရင်းတွေလို သံယောဇဉ် ဖြစ်မိပါတယ်။

အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ တီတီရေ။