Thursday, March 12, 2009

ဝေပါဦးမည်

တရေးနိုးခဲ့ ညတစ်ည
ကုတင်အဝေး ပြတင်းနဘေး
ဝိုင်းစက်ပြီး အလင်းဖြာနေတဲ့
လမင်းကြောင့်
“ ချစ်သူခိုးကြည့်တဲ့ ည ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
အရူးတစ်ယောက်ပါ

တစ်ခါသာ ပေးဖူးတဲ့
အနမ်းမိုးတဲ့လား
မိုးဖွဲ မိုးသဲနေ့ညတွေမှာ
“ ချစ်သူလွမ်းလို့ ရွာတဲ့မိုး ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
ပိုလို့ ရူးတဲ့သူတစ်ယောက်ပေါ့

ဒါပေမယ့် ငါဟာ
နိုးနေတဲ့ အရူးတစ်ယောက်ပါ

အတိတ်တွေနဲ့တင်
ကျေနပ်လို့ ရတယ်ဆို
မျက်ရည်တွေ ဆက်ကျလိုက်ပါ့မယ်
ပွက်ပွက်ဆူလာတဲ့
အလွမ်းတွေကို မီးပိတ်ရင်း
အဖုံးပါ ပိတ်လိုက်ပါ့မယ်

မွန်းကြပ်လာမယ့် စိတ်ငွေ့တွေကို
ကြိုမတွေးဝံ့ပါဘူး
ဒါပေမယ့်
ချစ်ရသူတစ်ယောက်ရဲ့
မချစ်ခြင်းတွေကို သေချာပိုသိဖို့
အားအင်တွေ ငါ့မှာ လုံးဝမရှိဘူး

မြေကြီးပေါ်မှာ ဆက်ရပ်သ၍
အလွမ်းငွေ့တွေ ဝေဦးမပေါ့...။

၁၃.၃.၂၀၀၉ ( သောကြာနေ့ )
သန်းခေါင်ယံ ၃နာရီ ၂၉ မိနစ်

- မြတ်သွယ် -

3 comments:

မသက်ဇင် said...

တစ်ခါသာ ပေးဖူးတဲ့
အနမ်းမိုးတဲ့လား
မိုးဖွဲ မိုးသဲနေ့ညတွေမှာ
“ ချစ်သူလွမ်းလို့ ရွာတဲ့မိုး ” လို့
အမည်တက်ခဲ့တဲ့ ငါဟာ
ပိုလို့ ရူးတဲ့သူတစ်ယောက်ပေါ့

လှလိုက်တဲ့ကဗျာလေးပါလား--
မြတ်သွယ်ရယ်---
ခံစားသွားမိတယ်---

မသက်ဇင် said...

အသစ်မတွေ့လို့ အဟောင်းထပ်ဖတ်သွားတယ်--
ခံစားချက်ကဗျာလေးကောင်းတယ်--

Anonymous said...

တခါနမ်းဖူးတဲ့ အနမ်းမိုးတဲ့လား.......
တော်သေးတာပေါ့ တခါသာပေးဖူးတဲ့ အနမ်းမို့လို့ ၃ခါ၎ခါလောက်များ ပေးမိရင်
အနမ်း နာဂစ်လို့များပြောမလားမသိ...အဟိ