Sunday, May 3, 2009

ချောတိုင် ချစ်သူ

လေပြင်းမုန်တိုင်းလား
ကံဆိုးမိုးမှောင်လား
တစစမဟုတ်ဘဲနဲ့
အရာရာဟာ
လွင့်ပျယ် ကုန်ဆုံးသွားလိုက်တာ
ဒီတစ်ည ငါမော့လိုက်တဲ့
ခွက်ထဲက အရည်တွေအတိုင်းပဲ..

ခပ်စပ်စပ်တွေးလိုက်ရင်
ငါ မမှားပါဘူး..
ဝဋ်ကြွေးသက်သက်ပဲ
ငါဟာ ပေးဆပ်နေသူမဟုတ်
ရယူလိုခြင်းလဲ မရှိသူ
နင်နဲ့ပက်သက်သမျှကို လွှတ်ချထားနိုင်ချင်သူ..

*တစ်သီတင်းလုံး မိုးခေါင်တယ်
ဗုံတီးလို့ပဲရွာရွာ ကြိုးဆွဲလို့ပဲရွာရွာ
သူတို့ကို ဈေးကောင်းနဲ့ပေးဝယ်နေရတယ်*
အဲ့ဒီအချိန်မှာ
ငါ့မျက်ရည်တွေ ဈေးပေါသွားခဲ့တာပေါ့..

ခဏတာဆိုတဲ့ ခံစားမှုတွေမှာ
နင်လဲအပါအဝင် ငါလဲအပါအဝင်..
ဒါပေမယ့်
မျှတမှု မရှိ တူညီခြင်းလဲ မရှိ
ငါ့အတွက် လွန်ဆန်ခြင်းမပြုနိုင်သလို
ငါ မရုန်းထွက်လိုဘူး..

အတိတ်တွေဆိုတာ
ကော်နဲ့ကပ်ထားသလား ထင်ရတယ်
ပေးလိုက်တဲ့ စကားသုံးလုံး..
တစစနဲ့ ငါ့အသဲနှလုံးလဲ
ဝဲစားသလို ဖြစ်လို့..

နင်ဟာ
ငါ့ကို ဒဏ်ရာတွေရစေသူပါ
နင်ဟာ
ငါ့ကို ခံနိုင်ရည်တွေပေးတဲ့ ဆရာပါ
နင်ဟာ
ငါ့ကို အက်ကွဲမှုနဲ့ကြမ်းတမ်းစေ သူပါ
နင်ဟာ
ငါတက်ရမယ့် ချောတိုင်ပါပဲ...။

- မြတ်သွယ် -

( * - *) ကိုပိုင်စာသားမဟုတ်ပါ။

11 comments:

နားခိုရာ said...

တစ်သီတင်းလုံး မိုးခေါင်တယ်
ဗုံတီးလို့ပဲရွာရွာ ကြိုးဆွဲလို့ပဲရွာရွာ( ကိုယ်ပိုင် စာသားမဟုတ် )
သူတို့ကို ဈေးကောင်းနဲ့ပေးဝယ်နေရတယ်
အဲ့ဒီအချိန်မှာ
ငါ့မျက်ရည်တွေ ဈေးပေါသွားခဲ့တာပေါ့..
_______________________________

အဲဒီစာသားလေးကြိုက်တယ်....တစ်ပုဒ်လုံးကောင်းပါတယ်...အားပေးနေတယ်နော်..

Unknown said...

ညီမလေးရေ....
ပန်းကြွေတာ... ရင်မနာဘူး....
အပင်ပေါက်တာဘဲ... ရင်နာတယ်........

ဖိုးဂျယ် said...

တီရေ ကဗျာလေး ကောင်းပါတယ်။
မအားလို့ အခုမှပဲ လာဖတ်တာပါ။

WWKM said...

အတိတ်တွေဆိုတာ
ကော်နဲ့ကပ်ထားသလား ထင်ရတယ်
ပေးလိုက်တဲ့ စကားသုံးလုံး..
တစစနဲ့ ငါ့အသဲနှလုံးလဲ
ဝဲစားသလို ဖြစ်လို့..

ကြိုက်တယ် ညီမလေး..ကဗျာလေးကောင်းတယ်။

ပျော်ပါစေ။

မမ၀ါ

မသက်ဇင် said...

မြတ်သွယ်လေးရေ
ကဗျာရေးတာပိုကောင်းလာတယ်
အားပေးနေတယ် ဆက်ရေးနော်
ပျော်ရွှင်ပါစေ

ဝေလေး said...

ညီမလေး..
အသည်းဝဲစားနေရင် ဆေးလိမ်း..... ဒီတိုင်းမထားနဲ့....
:P
စတာပါ. ညီမလေးကဗျာတွေသိပ်ကောင်းတယ်... အားပေးနေပါတယ်

Dr Phyo Wai Kyaw said...

ကဗျာတွေ တစ်ဘာသာထူးလာတယ်

Dream said...

တီတီကဗျာလေးက ကောင်းတယ်..

ကော်ဖီတခွက်နဲ့ အာဝါးး အကြီးကြီး လက်ဆောင် ပေးခဲ့မယ်...အဟဲ... :P

Anonymous said...

စာသားတွေကောင်းပါ့ဗျာ...နားမလည်တာလေး တခုပဲ..ဟီးဟီး.. အဲဒါပေါ့ ကောင်းတော့ကောင်းတယ် ဘာကောင်းမှန်း
မသိတာ...ဟိ..
နောက်တာ..အမှန်အကန်ဖတ်လို့ကောင်းတယ်

မသက်ဇင် said...

နင်ဟာ
ငါ့ကို ဒဏ်ရာတွေရစေသူပါ
နင်ဟာ
ငါ့ကို ခံနိုင်ရည်တွေပေးတဲ့ ဆရာပါ
နင်ဟာ
ငါ့ကို အက်ကွဲမှုနဲ့ကြမ်းတမ်းစေ သူပါ
နင်ဟာ
ငါတက်ရမယ့် ချောတိုင်ပါပဲ...။

ထပ်လာဖတ်တယ် မြတ်သွယ်

အရုပ်ကလေး said...

မျက်ရည်တစ်စက် ဈေးနဲ့ဖက်ပြီး
ရောယှက်သွားတဲ့ အဖြစ်ကြားမှာ
တဒင်္ဂရဲ့ အပိုင်းအခြားမှာ
ခွန်အားမဲ့မှုတွေနဲ့ ငါ .. ဆက်လျှောက်နေဆဲ
အတိတ်တွေက င့ါကိုယ်မှာ ထင်ဟပ်
လွမ်းတတ်တဲ့ အဖြေတွေကြား
ဝေပါးခဲ့တာ အချစ်ဟာ
ပြတ်တောင်းပြတ်တောင်းနဲ့ င့ါနှလုံးသားကို
အဆက်မပြတ် တိုးတိုက်နေတယ် ..
တစ်စုံတစ်ခုရဲ့ ဆွဲငင်မှုအောက်မှာပဲ
ငါဟာ ခံနိုင်ရည်ကို အားပြု
စကားစုတစ်ခုနဲ့ ဘ၀တစ်ခုမှာ
ချောတိုင်သဖွယ်ဖြစ်နေတဲ့ နင့်ကို
အရူးတစ်ပိုင်းနဲ့ ဆူးမှိုင်းကျနေတာ
အချိန်တိုင်းရဲ့ အစိတ်အပိုင်းတိုင်းမှာ ....။

ညီမငယ်လေး ..
ပျောက်နေတယ် ..
ပျောက်တာခြင်းတော့ တူနေတယ် ..
မအားဘူး ညီမငယ်ရေ .. ခဏလေး တက်လာတုန်း
ဝင်ဖတ်သွားတယ် ..။