Thursday, March 19, 2009

နှလုံးသားထဲက သွေးစွန်းပန်းချီ

အဖြူရောင် စာရွက်အချောမှာ
ခပ်ကြမ်းကြမ်း ခဲထိပ်ကလေးနဲ့
ခပ်ရေးရေး ဆွဲခြစ်လိုက်တယ်
သွေးထဲက အချစ်တွေ
တဖြည်းဖြည်း
အရောင်ထင်လာခဲ့လေရဲ့

မမေ့နိုင်တဲ့ မျက်ခုံးထူထူ
နက်မှောင်လေတဲ့ ဆံနွယ်သန့်သန့်
ထူထပ်ထပ် နှုတ်ခမ်းလွှာများရယ် ...
ငေးအမိမှာ ပြေးကြားမိတဲ့
အေးလေတဲ့ သင့်အသံ
လွမ်းမိတဲ့ ကျမရင်ခွင်ရဲ့အမှားပါပဲ

ပန်းချီချပ်ထဲက အသင်
နှလုံးသားရဲ့ အရှင်မည်လေတော့
ဝေလေဦးပေါ့ အလွမ်းတွေ
ကြွေလေဦးပေါ့ ပုလဲတွေ
ကြေလေဦးပေါ့ စံပယ်ရေ

ဓါးထက်ထက် အလက်လက်တွေ
ဒီနှလုံးသားမှာ ထပ်နေပေမယ့်
အရှင်စိုက်သရွေ့
ရင်ခွင်တံခါး မပိတ်ပါဘူး
ဓါးအလက်လက်တွေ ကုန်တဲ့နေ့
သင့်ပန်းချီရိပ် သင် မြင်ပါလိမ့်မယ်
သွေးစွန်းသော်လည်း သူလှနေလေရဲ့...။
---
၂၀.၃.၂၀၀၉ ( သောကြာနေ့ )
သန်းခေါင်ယံ ၁ နာရီ ၅၅ မိနစ်
---
- မြတ်သွယ် -

6 comments:

thihanyein said...

လှတယ်ဗျာ..အရေးအသားတွေက စံထားလောက်တယ်..အားကျမိပါရဲ့လေ...

မသက်ဇင် said...

ဓါးထက်ထက် အလက်လက်တွေ
ဒီနှလုံးသားမှာ ထပ်နေပေမယ့်
အရှင်စိုက်သရွေ့
ရင်ခွင်တံခါး မပိတ်ပါဘူး

တဲ့---လားကွယ်----
နင့်ကနဲခံစားသွားပါတယ်---

Dr Phyo Wai Kyaw said...

ခံစားချက်ကိုကဗျာပေါ်
အရောက်တင်နိုင်တယ်
ဒီလိုဆိုတော့လည်း ပုလဲကို ဝေဒနာပေးသူကိုတောင် ကျေးဇူးတင်ရပေးမလိုပါလား..ကွယ်။

ဆရာမရေ
ခက်တယ်..။

မသက်ဇင် said...

မမေ့နိုင်တဲ့ မျက်ခုံးထူထူ
နက်မှောင်လေတဲ့ ဆံနွယ်သန့်သန့်
ထူထပ်ထပ် နှုတ်ခမ်းလွှာများရယ် ...

တော်တော်ချောမယ်နော်--

ဖိုးဂျယ် said...

စာသားတွေက လှလိုက်တာ
အဖြူရောင် စာရွက်အချောမှာ
ခပ်ကြမ်းကြမ်း ခဲထိပ်ကလေးနဲ့
ခပ်ရေးရေး ဆွဲခြစ်လိုက်တယ်
သွေးထဲက အချစ်တွေ
တဖြည်းဖြည်း
အရောင်ထင်လာခဲ့လေရဲ့ တဲ့
ကောင်းလိုက်တာဗျာ

Anonymous said...

ကိုယ့်ကိုဓားအစင်းပေါင်းများစွာနဲ့ ထိုးသတ်နေတာတောင် ကြည့်ဖြူတယ်နော်.
အဲဒီလူကို လက်တို့ပြောဦးမှ ဓားနဲ့ထိုးတာ လက်
ညောင်းတယ် အမြောက်နဲ့တခါထဲထုချလိုက်လို့
တချီထဲအေးရော.....။ အဟစ်ဟစ်ဟစ်
စတာနော်